မော်လမြိုင်၊ မတ် ၁၅ ။ ။ ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများ အလုပ်သမားပါမစ်သက်တမ်းတိုးခြင်းကို နိုင်ငံတစ်ဝှမ်းရှိ Seven Eleven စတိုးဆိုင်များတွင် လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Thai Visa News သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုသို့ သက်တမ်းတိုးနိုင်ရန် မတ်လ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ Bazzer ဟိုတယ်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန နှင့် Seven Eleven ငွေလဲကောင်တာ ကုမ္ပဏီ်တို့က သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ မတ်လကုန်နောက်ပိုင်းတွင် စတင်နိုင်ရန် ဆုံးဖြတ်ထားကြောင်း Thai Visa News က မတ်လ ၁၄ ရက်နေ့တွင်ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာအပါအဝင် အိမ်နီးချင်းသုံးနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများသည် သံရုံးများတွင် သွားရောက်တန်းစီ၍ အလုပ်သမား မှတ်ပုံတင်သက်တမ်းတိုးရန် မလိုတော့ဘဲ Seven Eleven စတိုးဆိုင်များတွင် ၂၄နာရီ သက်တမ်းတိုးနိုင် တော့မည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Arak Proomanee ကပြောကြားကြောင်း Thai Visa News ၏ သတင်းတွင် ဖော်ပြထားသည်။

ပါမစ်သက်တမ်းတိုးလိုသည့် အလုပ်သမားများသည် ဆေးရုံတွင် ဆေးစစ်ထားသည့် ပြေစာနှင် Seven Eleven အရောင်းဆိုင်များတွင် အလုပ်သမားမှတ်ပုံတင်ခပေးသွင်းရမည်ဖြစ်ပြီး အဆိုပါဆိုင်များက ပြန်လည်ထုတ်ပေးမည့် ငွေရပြေစာတွင် သက်ဆိုင်ရာခရိုင်ရုံးများတွင် အလုပ်သမားကတ်ပြန်လည်ထုတ်ရမည့်ရက်ကို ဖော်ပြပေးထား မည်ဖြစ်ကြောင်း Seven Eleven ကုမ္ပဏီ၏ ငွေလဲကောင်တာတာဝန်ခံ Mr. Wiradej Akkrapanich က ပြောကြားသည်။

ယခင်က အလုပ်သမားပါမစ်သက်တမ်းတိုးခြင်းကို သက်ဆိုင်ရာ မြန်မာသံရုံးတွင် သွားရောက်တန်းစီ၍ သက်တမ်းတိုးရာတွင် ကိုယ်တိုင်မလုပ်ကိုင်နိုင်ခြင်းကြောင့် ပွဲစားနှင့် တစ်ဆင့်လုပ်ကိုင်ခဲ့ရကြောင်း ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်သူ ဒေါ်နော်ခြူးထက်ဒွေးမှပြောသည်။
“ဒီလို အလွယ်တကူငွေသွင်းလို့ ရမယ်ဆိုရင်တော့ ပွဲစားခအပိုမကုန်တော့ဘူး။ အလုပ်လည်းမပျက်တော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

Seven Eleven ကုမ္ပဏီတွင် အလုပ်သမားပါမစ်သက်တမ်းတိုးခြင်းအတွက် အလုပ်သမားဗီဇာလျှောက်ခ ထိုင်းဘတ် ၁၀ဝ ၊နှစ်နှစ်စာအလုပ်လုပ်ခွင့် အတွက် ဘတ် ၁၈၀ဝ နှင့် ငွေသွင်းခ ဘတ် ၁၀ ပါပေးသွင်းရမည်ဖြစ်သည့်အတွက် စုစုပေါင်း ထိုင်းဘတ် ၁၉၁၀ ခန့်ကုန်ကျမည်ဖြစ်ကြောင်း Thai Visa News ဌာနကဖော်ပြထားသည်။

ထို့ပြင် အဆိုပါအစီအစဉ်အတွက် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနသည် Seven Eleven ကုမ္ပဏီဝန်ထမ်းများကို ငွေလက်ခံနည်းသင်တန်းများပို့ချပေးထားသောကြောင့် အလုပ်သမားဦးရေများပြားပါကလည်း အဆင်ပြေပြေ လက်ခံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ငွေလဲကောင်တာတာဝန်ခံ Mr. Wiradej Akkrapanich က ရှင်းပြပြောဆိုသည်။

ထိုင်းနိုင်ငံက ထုတ်ပေးသော ရွှေ့ပြောင်းအလုပ်သမားနေထိုင်ခွင့်သက်တမ်း ပန်းရောင်ကဒ်များသည် လာမည့် မတ်လ ၃၁ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် အိမ်နီးချင်းသုံးနိ်ုင်ငံမှ ပြောင်းရွှေ့လုပ်သား သုံးသန်းကျော်ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။

Leave a Reply