ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အထောက်အထား ယခုလကုန်အပြီး ပြုလုပ်ကြရန် တိုက်တွန်း

မြဝတီ ၊ ဇွန်

ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားများအနက် အထောက်အထား မပြသနိုင်သူများကို အပြည့်အစုံပြု လုပ်ကြရန်နှင့် ဇူလိုင် ၁ ရက်နေ့မှ စတင် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးမှ ထုတ်ပြန်ကြေညာထားသည်။

သို့ဖြစ်၍ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ယခု ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာအထောက်အထားများကို အပြည့်အစုံ ပြုလုပ်ထားကြရန် လိုအပ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက တိုက်တွန်းလိုက်သည်။

“ဒီနှစ် မတ်လဆန်းပိုင်း ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေအရ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်တာတွေ့ရင် အလုပ်သမားတစ်ဦးကို ဘတ်ငွေ ၅ ထောင်ကနေ ၁ သောင်းထိ ဒဏ်တပ်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နှင်ဒဏ်ပေးတဲ့အနေနဲ့ နေရပ်မြန်မာနိုင်ငံကို ပြန်ပို့မှာ ဖြစ်ပါတယ်။ ပြည်နှင်ဒဏ် ပေးခံရတဲ့ အလုပ်သမားဟာ ထိုင်းကို ၂ နှစ် ပြန်လာလို့ မရပါဘူး”ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဟင်္သာမီဒီယာသို့ ပြောသည်။

တရားမဝင်အလုပ်သမားခန့်ထားသူ အလုပ်ရှင်အနေဖြင့် အလုပ်သမားတစ်ဦးအတွက် ဒဏ်ငွေ အနည်းဆုံး ဘတ် ၁သောင်းမှ ၁ သိန်းအထိ၊ ဥပဒေကို ထပ်တလဲလဲ ချိုးဖောက်ပါက ထောင်ဒဏ် ၁ နှစ်၊ ဘတ် ၅ သောင်းမှ၂သိန်း ထက်မပိုသည့် ငွေဒဏ်နှင့် အလုပ်သမားငှားရမ်းခွင့် ၃ နှစ်ပိတ်ပင်ခံရမည် ဖြစ်ပါကြောင်း၎င်းက ဖြည့်စွက်ပြောသည်။

ထိုင်း အလုပ်သမားရေးရာဝန်ကြီး Mr.Adul Saengsingkaew က “၂၀၁၈ ဇူလိုင်၁ရက်နေ့က စ၊ ဌာနဆိုင်ရာပေါင်းစုံပါဝင်မယ့် အထူးစစ်ဆေးရေးအဖွဲ့အစည်း တစ်ခုဖွဲ့ပြီး ထိုင်းနိုင်ငံတစ်ဝှမ်းရှိ အလုပ်ရုံတွေ၊ နေထိုင်ရာအဆောက်အအုံတွေကို ဝင်ရောက်စစ်ဆေးမှု ပြုလုပ်တော့မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းအလုပ်သမားဝန်ကြီးရုံးတွင် ဇွန်လ ၈ ရက်ေ့န့နံနက် ၉း၃၀နာရီခန့်က ကျင်းပခဲ့သည့် အရေးပေါ်အစည်းအဝေး၌ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ ထိုင်းအလုပ်သမားဝန်ကြီးနှင့် အတွင်းဝန်၊ ထိုင်း ပြည်ထဲရေးဌာန အတွင်းဝန်၊ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲမှူးချုပ်၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ရဲချုပ်၊ ဘန်ကောက်မြို့တော်ဝန်ကိုယ်စားလှယ်အဖွဲ့၊ ခရိုင်အသီးသီးမှ ခရိုင်မှူးများနှင့် မြန်မာ၊လာအို၊ ကမ္ဗောဒီးယားနိုင်ငံသံရုံးများမှ အလုပ်သမားသံအရာရှိများ တက်ရောက်ခဲ့သည်။

အလုပ်ရှင်များအနေဖြင့် မိမိအလုပ်သမားများ အထောက်အထား အပြည့်အစုံ ပြုလုပ်ထားရန်၊ ပြုလုပ်ရန် ကျန်ရှိနေသေးသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အထောက်အထားများ အချိန်မီ ပြုလုပ်ထားရန်၊ တရားမဝင်အလုပ်သမားများ ခိုင်းစေမှုကို တွေ့ရှိပါက နေရပ်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ယင်းနောက်မှ MoUစနစ်ဖြင့် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ထပ်လောင်းပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားစိစစ်မှုလုပ်ငန်းစဉ်၌ မြန်မာ၊လာအို၊ ကမ္ဗောဒီးယား သုံးနိုင်ငံအနက် မြန်မာနိုင်ငံမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးနိုင်ငံဖြစ်၍ မိမိအနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်းလည်း ထိုင်းဝန်ကြီးက ဖြည့်စွက်ပြောသည်။

Written by သိင်္ဂီ( မြဝတီ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.