ရန်ကုန်၊ သြဂုတ် ၁၈
ရိုးဂုဏ်

ရွေးကောက်ပွဲတွင် မဲပေးနိုင်မှု စနစ်များနှင့် အခြေခံအချက်အလက်များ သိရှိရယူနိုင်မှု နည်းပါးခြင်းကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် ရွေးကောက်ပွဲတွင် မဲထည့်ရန် စိတ်ဝင်စားမှုနည်းပါးကြောင်း မဲပေးရာတွင် လွယ်ကူချောမွေ့စေရန် ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်မျိုးသိန်းက ပြောသည်။

“ထိုင်းရောက်အလုပ်သမားတွေ မဲပေးတဲ့သူ ရာခိုင်နှုန်း အရမ်း နည်းတယ်။ ရွေးကောက်ပွဲကို သိပ်ပြီး စိတ်မဝင်စားကြဘူးဗျ။ ပြီးတော့ ပုံစံ၁၅ ဖြည့်ပြီးမှ မဲပေးရမယ်ဆိုတာလည်း မသိကြဘူး။ ထိုင်းမှာ ၉၉ရာခိုင်နှုန်းကျော်လောက်က ဒီနှစ်မှ မဲထည့်ဖို့ ဖြစ်လာတာ။ အခုက ပုံစံ ၁၅ ဖြည့်ရာမှာ ထိုင်းသံရုံးက အစက ဖောင်ဖြည့်ရမယ်ပဲ ကြေညာခဲ့တယ်။ ဘယ်လိုဘယ်ပုံ ဖြည့် လို့ မပြောတော့ အလွဲတွေ အမှားတွေနဲ့ အလုပ်သမားတွေက အခါခါ ပြန်မလုပ်နိုင်ဘူးလေ ” ဟု ၎င်းက ရှင်းပြသည်။

ရွေးကောက်ပွဲတွင် ပြည်ပရောက်နိုင်ငံသားများ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများက ပုံစံ ၁၅ ဟု ခေါ်သော ပုံစံများကို မဲပေးလိုသူများအား ဖြည့်စွက်စေသည်။ ထိုသို့ဖြည့်စွက်ရာတွင် နိုင်ငံကူးလက်မှတ်မိတ္တူပါ တစ်ပါတည်း ပါရှိရမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကလည်း ထိုင်းနိုင်ငံမှ မဲထည့်သူမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်ခန့်သာ ရှိကြောင်းနှင့် အဓိက အကြောင်းရင်းမှာ သံရုံးက တိကျသေချာသော ထုတ်ပြန်ကြေညာခြင်းမျိုးမရှိခြင်းကြောင့်ဟု သိရသည်။

ကိုအောင်မျိုးသိန်းက “ အလုပ်သမားတွေက မဲ ဘယ်မှာ ထည့်ရမယ်ဆိုတာကို မသိရဘူး။ သံရုံးဆိုတာ ကြားပဲကြားဖူးတာ။ ဘန်ကောက်မှာလေ။ ပြီးတော့ မရောက်ဖူးကြဘူး။ သွားလည်း သွားမတတ်ကြဘူး။ ပြီးတော့ ကိုဗစ်ကာလ သူတို့လည်း သူတို့အပူနဲ့ သူတို့၊ အလုပ်ရုံကလည်း ခရီးတွေ မသွားခိုင်းဘူး။ သွားတဲ့ လူဆိုရင်လည်း Taxiနဲ့ဆိုရင် ဘတ်၅၀၀၊ ၆၀၀လောက် ကုန်မယ်။ ပြီးတော့ ပေးရမယ့်နေ့က ကိုယ်သွားတဲ့နေ့ ပေးရမှာလား။ ဒါတွေနဲ့ သူတို့လည်း မပေးချင်ကြဘူး ” ဟု ပြောသည်။

ထိုအပြင် သံရုံး ပုံစံ ၁၅ ကိုဖြည့်စွက်နိုင်ပြီဟု စတင်ကြေညာခဲ့စဉ်က လာရောက်ဖြည့်စွက်ခဲ့သည့် လူ တစ်ရာကျော်၏ ပုံစံဖြည့်စွက်မှုများမှာ မှားယွင်းနေခဲ့ပြီး ၎င်းတို့ကို ပြန်ဆက်သွယ်၍ မရခဲ့ခြင်းကြောင့် အဆိုပါ လူပုဂ္ဂိုလ်များအနေဖြင့် မဲပေးနိုင်ခွင့် ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)၏ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မဲပေးနိုင်ရေး လိုက်လံ ကူညီဆောင်ရွက်ပေးနေသည့် ၎င်းက သံရုံးကို နောက်ဆုံး ပေးပို့ခဲ့ရသည့် မဲပေးမည့်သူ စာရင်းမှာ ၂၅၀၀ ကျော်ရုံမျှသာ ရှိသည်ဟု ဆိုသည်။

Leave a Reply