ထိုင်းရောက် မြန်မာ ကျောင်းသူကျောင်းသား ၅၀ နီးပါး တရားဝင် မှတ်ပုံတင် ရရှိ

မြဝတီ ဖေဖော်ဝါရီ

ထိုင်းနိုင်ငံ မိဘမဲ့ ကလေးဂေဟာတွင် နေထိုင်လျက် ကျောင်းတက်နေကြသူ မြန်မာ ကလေးသူငယ် ၄၆ ဦးကို ထိုင်း မှတ်ပုံတင် ကတ်ပြားများ ထုတ်ပေး ခဲ့ကြောင်း Social Action for Children and Women (SAW) က ထုတ်ပြန်ကြေညာသည်။

၎င်းတို့မှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများက မွေးဖွားလာခဲ့သော ကလေးများဖြစ်ပြီး မယ်တော်ဆေးခန်း သို့မဟုတ် မဲဆောက်ရှိ ထိုင်းပြည်သူ့ဆေးရုံမှ မွေးစာရင်း ထုတ်ပေးထားသူများ ဖြစ်ကြောင်း ပြသနိုင်ခဲ့ကြသည်။

တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ ကျောင်းသား ၄၆ ဦးစလုံးအတွက် မှတ်ပုံတင် ကတ်ပြားများကို ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပေးခဲ့ကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေး ဌာနက ထုတ်ပေးလိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယင်းကဲ့သို့ မှတ်ပုံ တင်ပြုလုပ်ပေးရာတွင် အသက် ၁၀ နှစ်မှ ၁၈ နှစ်အတွင်း ကလေးများကိုသာ ပြုလုပ်ပေးပြီး အများစုမှာ မိဘမဲ့ များ ဖြစ်ကြသည်။ စတုတ္ထတန်းမှ ဒဿမတန်းအထိ တက်နေကြသူများဖြစ်ပြီး အချို့ သော ကျောင်းသူ ကျောင်းသားများ မှာ မိဘရှိသော်လည်း မိဘများကို မှတ်ပုံ တင် ပြုလုပ် ပေးခြင်းမရှိဘဲ ကျောင်းသူ ကျောင်းသားများကိုသာ ပြုလုပ်ပေး ခြင်းဖြစ်သည်။

အလားတူ ယခင်နှစ်ကလည်း မဲဆောက်အပါအဝင် မြို့နယ်လေးခုမှ မြန်မာရွှေ့ပြောင်းကျောင်းများအနက် မဲဆောက်ရှိ SAW အထက်တန်းကျောင်းမှ မြန်မာကလေးငယ်များကို ၁၀ နှစ်ခံ မှတ်ပုံ တင် ပြုလုပ်ပေးခဲ့ဖူးသည်။

မြန်မာနိုင်ငံသား ကျောင်းသူ ကျောင်းသားများ ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ဆေးကုသခွင့်နှင့် လူမှုဖူလုံရေးဆိုင်ရာ အခွင့်အရေးများကို ထိုင်းနိုင်ငံသားများနည်းတူ အကျိုးခံစားခွင့်ရှိမည်ဖြစ်သည်။

အထောက်အထားမဲ့နေထိုင်လျက်ရှိကြသော်လည်း ၁၀ နှစ်သက်တမ်းနေထိုင်ခွင့် မှတ်ပုံတင် ယခင်နှစ်က ရရှိစေရန်အပြင် ယခုနှစ်တွင် လည်း ထိုင်းနိုင်ငံသား မှတ်ပုံတင် ရရှိရေးအတွက် ရှေ့နေများကောင်စီက နည်းလမ်းရှာ အကူအညီများပေးခဲ့ကြောင်း သိရသည်။

အဆိုပါကောင်စီမှ တာဝန်ရှိသူတစ်ဦးဖြစ်သော မစ္စတာစူလဖုံး ကောင်းကျန်းထေ့ က “ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့်နဲ့ ပညာသင်ကြားခွင့် ထိုင်းနိုင်ငံသားများနည်းတူ ခံစားခွင့်ရှိတဲ့ ID card ( ထိုင်းမှတ်ပုံတင်)ကို ထိုင်းနိုင်ငံအစိုးရက တရားဝင်ထုတ်ပေးလိုက်တယ်”ဟု ပြောဆိုခဲ့သည်။

ထိုင်းတွင် ပညာသင်ကြားနေသော ကလေး ငယ်များ တရားဝင်နေထိုင်ခွင့်မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ထိုင်းအစိုးရအနေဖြင့် ယခင်နှစ်က စ၍မူဝါဒချမှတ်ထားပြီး ဖြစ်သလို ဒေသတွင်းပညာသင်ကြားနေကြသော ထိုင်းနိုင်ငံမွေးစာရင်းရှိသူ မြန်မာကလေးငယ်များအား နေထိုင်ခွင့်လက်မှတ်များကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ထိုင်း မှတ်ပုံတင် လက်ဝယ် မရှိသည့် ရွှေ့ပြောင်း ကလေးသူငယ်များမှာ ယင်းနိုင်ငံရှိ စာသင်ကျောင်း များသို့ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ သို့တစေ ထိုင်းအစိုးရက ရွှေ့ပြောင်း ကလေးသူငယ်များ အတွက် အဆိုပါကန့်သတ်ချက်ကို ၂၀၀၈ ခုတွင် ဖြေလျှော့ပေးခဲ့သည်။

၁၀ နှစ်ခံ နေထိုင်ခွင့်မှတ်ပုံတင်ကိုင်ဆောင်သူများသည် နေထိုင်ခွင့်သက်တမ်းပြည့်လျှင် ထပ်မံ၍သက်တမ်းတိုးခွင့်ရှိပြီး ထိုင်းဆေးရုံကြီးတွင် အခမဲ့ဆေးကုသခွင့်ရရှိခြင်း ၊ သက်ဆိုင်ရာခရိုင်အတွင်းလွတ်လပ်စွာ နေထိုင်သွားလာခွင့်ရှိခြင်း ၊ ဘဏ်စာအုပ်လုပ်ပိုင်ခွင့်ရှိခြင်း အပြင် အခြားသောခရိုင်များသို့ခရီးသွားလိုပါက သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် ထောက်ခံစာ သွားရောက်တောင်းခံခွင့်များလည်းရှိသည်။

မဲဆောက်အပါအဝင် ပတ်ဝန်းကျင် မြို့နယ်များတွင် မြန်မာရွှေ့ပြောင်းကျောင်းများစွာရှိပြီး ပညာသင်ကြားနေသည့် ကလေးငယ် အရေအတွက် သောင်းချီ ရှိကြောင်းအလုပ်သမား အရေးဆောင်ရွက်နေသူများထံမှသိရသည်။

ဆုလာဘ် – မြဝတီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.