ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သား သားသမီးများ ၁၀နှစ်ခံ ယာယီမှတ်ပုံတင် တရားဝင် ရရှိ

မြဝတီ ၊ မတ်

မြဝတီမြို့မှ သောင်ရင်းမြစ် တစ်ဖက်ကမ်း၊ ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင် နေထိုင် လုပ်ကိုင်နေကြသော မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများမှ ပညာသင်ကြားနေသူ ကျောင်းနေ ကလေးငယ်များအား ဆယ်နှစ်သက်တမ်း နေထိုင်ခွင့် လက်မှတ်များ ထိုင်းအစိုးရက မတ်လ ၄ ရက်တွင် စတင်ထုတ်ပေးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ဆေးကုသခွင့်နှင့် လူမှုဖူလုံရေးဆိုင်ရာ အခွင့်အရေးများပါရှိသည့်လက်မှတ် အမျိုးအစားအဖြစ် ယင်းကို တာ့ခ်ခရိုင်၊မဲဆောက်အပါအဝင် (၄) မြို့နယ်မှ မြန်မာ့ရွှေ့ပြောင်းကျောင်းများအနက် မဲဆောက်မြို့ရှိ (SAW) အထက်တန်းကျောင်းမှ မြန်မာကလေးငယ်များအား စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား ကျောင်းသူ ကျောင်းသားများ၊ အထောက်အထားမဲ့နေထိုင်ကြသော ကလေးငယ်များကို (၁၀) နှစ်သက်တမ်းနေထိုင်ခွင့် မှတ်ပုံတင်ရရှိရေးအတွက်ရှေ့နေများကောင်စီက နည်းလမ်းရှာ အကူအညီများပေးခဲ့ကြောင်း သိရသည်။

ထိုင်း ရှေ့နေများကောင်စီ၏ တာဝန်ရှိသူတဦးဖြစ်သူ မစ္စတာစူလဖုံး ကောင်းကျန်းထေ့ က ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်နှင့် ပညာသင်ကြားခွင့်ရှိပြီး အစိုးရက တရားဝင်ထုတ်ပေးထားသည့် လက်မှတ်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်း ပညာသင်ကြားနေသော ကလေးငယ်များအား တရားဝင်နေထိုင်ခွင့်မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ယခင်နှစ်ကစ၍ မူဝါဒချမှတ်ထားပြီး ဖြစ်သလို ဒေသအတွင်း ပညာသင်ကြားနေကြသည့် ထိုင်းနိုင်ငံမွေးစာရင်းရှိသူ မြန်မာကလေးငယ်များအားလည်း ဆက်လက်ထုတ်ပေးသွားမည်ဟု ဆိုသည်။

အဆိုပါနေထိုင်ခွင့် မှတ်ပုံတင်အား ဆယ်နှစ်ကျော်ကိုင်ဆောင်ထားသည့် ကိုမန်းက ထိုင်းနိုင်ငံတွင် (၁၀) နှစ်ခံ နေထိုင်ခွင့်မှတ်ပုံတင်ကိုင်ဆောင်သူများသည် နေထိုင်ခွင့်သက်တမ်းပြည့်လျှင် ထပ်မံ၍သက်တမ်းတိုးခွင့်ရှိကြောင်း၊ ထိုင်းဆေးရုံကြီးတွင် အခမဲ့ဆေးကုသခွင့်ရရှိခြင်း၊သက်ဆိုင်ရာခရိုင်အတွင်း လွပ်လပ်စွာသွားလာခွင့်ရှိခြင်း၊ ဘဏ်စာအုပ်လုပ်ပိုင်ခွင့်ရှိခြင်းအပြင် အခြားသောခရိုင်များသို့ခရီးသွားလိုပါက သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံများတွင် ထောက်ခံစာများ သွားရောက်တောင်းခံခွင့်များလည်းရှိကြောင်း ဟသာၤမီဒီယာသို့ပြောကြားခဲ့သည်။

တာ့ခ်ခရိုင် မဲဆောက်အပါအဝင် ပတ်ဝန်းကျင် မြို့နယ်များတွင် မြန်မာရွှေ့ပြောင်းကျောင်း များစွာရှိပြီး မူလတန်းမှအထက်တန်းအဆင့်ထိ ပညာသင်ကြားနေကြသည့် မြန်မာကလေးငယ် (၁) သောင်းခန့်ရှိသည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှတဆင့် သိရသည်။

Written by သိင်္ဂီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်