ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် မွန်ပြည်နယ်မှဒုက္ခသည် ၅ဝဝဝကျော်သည် UNHCR(ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး) ၏ အစီအစဉ်ဖြင့် မွန်ပြည်နယ်သို့ပြန်လာမည်ဖြစ်ကြောင်းမွန်ပြည်နယ် လူမှုဝန်ထမ်း
ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကိုကိုနိုင်ကဟင်္သာမီဒီယာသို့ပြောကြားသည်။

logo-copy

အဆိုပါ မွန်ဒုက္ခသည်များလွှဲပြောင်းနိုင်ရေးအတွက် UNHCRနှင့် သက်ဆိုင်ရာဌာနများကမွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များကိုလာရောက်တွေ့ဆုံညှိနှိုင်းပြီးလွှဲပြောင်းလက်ခံနိုင်ရန်စီစဉ်နေကြောင်းဦးကိုကိုနိုင်ကပြောသည်။

“အဓိကကတော့ ထိုင်းက ပြန်လွှဲမယ့် ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တစ်သိန်းကျော်ကို ပြည်နယ် အလိုက်ပြန်ပြီးလက်ခံဖို့ပါ၊ မွန်ပြည်နယ်ကတော့ ၅ထောင်ကျော်လောက်ရှိတယ်”ဟု ဦးကိုကိုနိုင်ကပြောသည်။

ထိုင်းဒုက္ခသည်စခန်းတွင်နေထိုင်သည့် မွန်ပြည်နယ်မှ ဒုက္ခသည်အများစုမှာစစ်ဘေးရှောင်များ၊အခြားနိုင်ငံတွင်နေထိုင်လိုသည့်အတွက် အကြောင်းအမျိုးမျိုးဖြင့်ဒုက္ခသည်အမည်ခံပြီးတစ်ဖက်နိုင်ငံကိုကူးသွားသူများဖြစ်ပြီးနေရပ်သိုု့ပြန်ပို့ရန် ထိုင်းအစိုးရနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

ဒုက္ခသည်လွှဲပြောင်းမည့်ရက်ကိုအတိအကျမထုတ်ပြန်နိုင်သေးဘဲလွှဲပြောင်းမည်ဆိုပါကယင်းဒုက္ခသည်များနေထိုင်စားသောက်မှုမှအစအသက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စရပ်များအထိညှိနှိုင်းပြင်ဆင်နေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သြဂုတ် ၅ရက်နေ့က UNHCRနှင့် မွန်ပြည်နယ်ရှိ INGO အဖွဲ့အစည်းများနှင့်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့၍ ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်းမွန်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။

Leave a Reply