မော်လမြိုင်၊ ဇန်နဝါရီ

ထိုင်းနိုင်ငံမှ ဝက်များ တရားမဝင် မှောင်ခိုတင်သွင်းလာမှုများကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူပြီးဖြစ်သော်လည်း တစ်လကြာသည်အထိ ပြည်တွင်းဝက်သားဈေးကွက်မှာ အရောင်းအဝယ်အေးနေသေးကြောင်း မော်လမြိုင်ဈေးကြီးအတွင်းမှ သားငါးလက်လီလက်ကားအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“ဝက်သားတွေအရောင်းအဝယ်အေးနေတာ ၁၅ ရက်လောက်ရှိပြီ” ဟု ဈေးကြီးမှ ဝက်သားသည် ဒေါ်ခင်လှဦးက ပြောသည်။

ယခုအခါ တစ်ပိဿာချင်းအလိုက် ပေါက်ဈေးမှာ ဝက်အသား တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊သုံးထပ်သားမှာ ၇၅၀၀ ကျပ်၊ ဝက်ခြေထောက် ၆၀၀၀ ကျပ်၊ ဝက်ခေါင်း ် ၅၅၀၀ ကျပ်နှင့် ဝက်အရိုး ၂၀၀၀ ကျပ်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းသို့ ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ဝက်များဖြတ်သန်းဝင်ရောက်နေမှုကြောင့် ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် အထိနာ၊ အရှုံးပေါ်နေသော်လည်း ဆက်လက်မွေးမြူနေရကြောင်း ယင်းလုပ်ငန်းရှင်များက ဆိုသည်။

“ကျွန်တော်တို့က မော်လမြိုင်ကနေ မုတ္တမဘက်မှာ ရှိတဲ့ ဝက်မွေးမြူရေးခြံကနေ သွားဝယ်တာတောင်မှ အခုဆိုရင် စာရွက်စာတမ်းပြည့်စုံမှ ပေးဖြတ်မယ်လို့ မုတ္တမစခန်းက ရဲကပြောတယ်။ ကျွန်တော်တို့က ယိုးဒယားဝက်တွေ မဝယ်ဘူး၊ ကိုယ့်မြို့အတွင်းမှာရှိတဲ့ မွေးမြူရေးခြံသမားတွေဆီကပဲ ဝယ်ရောင်းလုပ်တာ ၊ အခုပေးမဖြတ်ဘူးဆိုတော့ သွားလို့မရဘူးဖြစ်သွားပြီ”ဟု ဇေယျာသီရိရပ်ကွက်တွင် ဝက်မွေးမြူရေးလုပ်ကိုင်နေသူ ကိုဇော်မင်းက ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၃ ၊ ၂၄ ရက်နေ့က မော်လမြိုင်မြို့နယ်၊ အတ္ထရံတံတားနှင့် သံလွင်တံတားထိပ်၌ ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် မှောင်ခို ဝက်ကား သုံးစီးနှင့် ယခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် ဝက်များ တရားမဝင် တင်ဆောင်လာသည့် ယာဉ် ၁၂ စီးနှင့် ယာဉ်မောင်းတို့ကို ပစ္စည်းသိမ်း၊ ထောင်တစ်နှစ်ချကာ အရေးယူထားသည်။

written by ခေတ်မင်း

Leave a Reply