Advertisements

မော်လမြိုင်၊ ဇူလိုင် ၉

ထိုင်းနိုင်ငံမှ တင်သွင်းလာသော ဝက်နှင့် အေးခဲဝက်သားများကြောင့် ပြည်တွင်း ဈေးကွက်ထိခိုက်နေကြောင်း ပြည်နယ် မွေးမြူရေးလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးညိုမင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ထိုဝက်သားများသည် ကျန်းမာရေး စစ်ဆေးမှု မရှိသောကြောင့် ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုအတွက် အန္တရာယ်ရှိနေသော အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ပြောသည်။

“တရားမဝင်သွားတာဖြစ်တဲ့အတွက် ပြည်နယ်ရဲ့ ဈေးကွက်ကို ထိခိုက်သလို ကျန်းမာရေးစစ်ဆေးတာတွေ မရှိတော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန်ကို အန္တရာယ်များပါတယ်”ဟု ဦးညိုမင်းက ဆိုသည်။

ယင်းအခြေအနေကို အစိုးရအဖွဲ့အနေဖြင့် အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် လုပ်ဆောင်ရန်နှင့် ထိထိရောက်ရောက် တားဆီးရန် လိုအပ်နေပြီဟု ၎င်းက ပြောဆိုသည်။

လက်ရှိ အခြေအနေအရ ပြည်တွင်း မွေးမြူးရေးသမားများအနေဖြင့် ဈေးကွက် ပျောက်မှာသာမက မွေးထားသော ဝက်များ ရောဂါကူးစက်ခံရမည်ကို စိုးရိမ်နေရကြောင်း မော်လမြိုင်မြို့မှ ဝက်၊ကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးဇင်မင်းက ပြောသည်။

“သူတို့နိုင်ငံက မသုံးတော့တဲ့ဟာတွေ ကျွန်တော်တို့နိုင်ငံကို အလွယ်တကူဝင်လို့ရတယ်ဆိုတာ သူတို့က သိနေတယ်လေ၊ စည်းမဲ့ကမ်းမဲ့ကို တောက်လျှောက်ဝင်နေတာ၊ ဈေးကွက်လုရုံတင်မကဘူး၊ မွေးထားတဲ့ဝက်တွေ ရောဂါကူးမှာစိုးနေရတော့ မိအေးနှစ်ခါနာဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော အေးခဲဝက်သားတစ်ပိဿာလျှင် ၃,၅ဝဝ မှ ၄၅၀၀ အထိသာရှိပြီး၊ ပြည်တွင်း ဝက်သားမှာ တစ်ပိဿလျှင် ကျပ် ၈၀၀၀ မှ ၉၀၀၀ အထိ ပေါက်ဈေးရှိနေသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply