Advertisements

မြဝတီ၊ အောက်တိုဘာ ၅ ရက်။

ထိုင်းအလုပ်ရှင်နှင့် ပွဲစားတို့၏လိမ်လည်ခြင်းခံရသည့် မြန်မာလုပ်သား(၄၀၀)ဦးခန့်အနက် (၂၄)ဦးမှာ ပိုက်ဆံနှင့် နိုင်ငံကူးလက်မှတ်များကို အောက်တိုဘာ ၄ ရက်တွင် ပြန်လည်ရရှိပြီဖြစ်ကြောင်း မဲဆောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများဆိုင်ရာ ဥပဒေနှင့်အညီ အထွေထွေလူမှုကူညီရေးရုံး(KTG)အဖွဲ့မှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ပတ်စ်ပို့စာအုပ်လုပ်ပေးပြီးလျှင် ထိုင်းနိုင်ငံသို့ MOUဖြင့် ပြန်လည်ဝင်ရောက်ရမည်ဟုဆိုကာ အလုပ်ရှင်နှင့်ပွဲစားတို့က လိမ်လည်သွားခြင်းကြောင့် အထောက်အထားမဲ့ကာ မြန်မာအလုပ်သမား(၄ဝဝ)ခန့်သည် ဇူလိုင်လမှစတင်ကာ ထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်သည်။

“ဒီကိစ္စကို ဥပဒေနဲ့အညီပဲ အလုပ်သမားတွေဖက်က ကူညီဆောင်ရွက်ပေးခဲ့တာပေါ့။ အောက်တိုဘာလ ၄ ရက် နေ့မှာ ဘန်ကောက်ကိုသွားပြီး အဲဒီစက်ရုံမန်နေဂျာနဲ့ တွေ့ဆုံခဲ့ပြီးတော့ ဒီအလုပ်သမားခေါင်းဆောင်ပိုင်း (၂၄)ယောက်ရဲ့ပတ်စ်ပို့တွေ၊ ဗီဇာတွေ၊ work ပါမစ်တွေလုပ်မယ်ဆိုပြီးတော့ ယူထားတဲ့ငွေတွေ ဘတ်တစ်သောင်း ကျော်ပေါ့၊ အဲဒါနဲ့ PASSPORT စာအုပ်ပြန်ပေးဖို့၊ မပေးရင် ထိုင်းနိုင်ငံရဲ့အလုပ်သမားဥပဒေအရရော လူ့အခွင့်အ ရေးလှုပ်ရှားနေတဲ့သူဖြစ်တဲ့အရပါ တရားစွဲပါမယ်လို့ပြောလိုက်တာပါ။ အဲတော့မှ ပိုက်ဆံနဲ့ စာအုပ်ကို ပြန်ပေးခဲ့တာပါ။ ကျန်အလုပ်သမားများအတွက်လည်း ထပ်မံရရှိရေး ကျန်ပွဲစားများနဲ့ပါ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု KTG အဖွဲ့ ဒါရိုက်တာ ကိုသားကြီးကပြောသည်။

အဆိုပါ အလုပ်သမားများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပထုံဌာနီလာလုကာရပ်ကွက်မှ ကားအပိုပစ္စည်း ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများဖြစ်ပြီး အလုပ်ရှင်နှင့် ပွဲစားတို့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံသို့ပြန်လာပြီး ပတ်စ်ပို့လုပ်ပေးသော်လည်း ပွဲစားများက တရားမဝင်လမ်းကြောင်းမှ ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယင်းကြောင့် အထောက်အထား ပြည့်စုံမှုမရှိသည့် အလုပ်သမားများအား အလုပ်ရှင်က ပတ်စ်ပို့စာအုပ်များ သိမ်းထားပြီး အလုပ်လုပ်ခွင့်ပါမပေးတော့သဖြင့် အလုပ်လက်မဲ့ဖြစ်ကာ နေထိုင်စားသောက်ရေးပါ အခက်အခဲဖြစ်နေကြခြင်းကြောင့် အလုပ်သမားအချို့သည်(KTG)အဖွဲ့သို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလို ပိုက်ဆံနဲ့စာအုပ်ပြန်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ကူညီပေးတဲ့အဖွဲ့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့က ပိုက်ဆံချေးပြီးတော့ လာလုပ်တာဆိုတော့ အလုပ်ဆက်လုပ်ရဦးမှာပါ။”ဟု ပတ်စ်ပို့ပြန်လည်ရရှိသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံအစိုးရ၏ အလုပ်သမားဆိုင်ရာဥပဒေသစ်ပြဌာန်းလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သားများသည် ၂၀၁၇ ခုနှစ် ဇွန် ၂၉ ရက်မှ အောက်တိုဘာ ၃ ရက်ထိ မြဝတီမြို့မှ တဆင့် မြန်မာနိုင်ငံသို့ ကျား (၁၇၃၄၄)ဦးနှင့် မ(၁၃၇၃၆)ဦးတို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Advertisements
<

Leave a Reply