မော်လမြိုင် ၊ မတ် ၂ ။ ။ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှတရားမဝင်တင်သွင်းလာသော ငါး၊ ပုစွန်များ ကို နောင်တက် လာမည့် အစိုးရက တရားဝင်တင်သွင်းခွင့်ပေးရန်လိုအပ်ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန လက်ထောက် ဦးစီးမှူးး ဦးကျော်ထွန်းညိုက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“လက်ရှိ အစိုးရကတရားဝင် ခွင့်မပြုထားတော့ အခွန်အများကြီးနစ်နာတာပေါ့ ၊ဒီလိုကုန်သွယ်လုပ်ငန်းကို လုပ်နေတဲ့သူတွေလည်း ကျီးလန့်စာစားနေရသလိုဖြစ်နေကြပြီး ကုန်ကျစရိတ်တွေလည်း မကုန်သင့်ပဲကုန် နေရတယ်” ဟုဦးကျော်ထွန်းညိုက ဆက်လက်ပြောသည်။

အဆိုပါ ငါး၊ ပုစွန်များကိုလက်ရှိအစိုးရကတရားဝင်ခွင့်ပြုချက်မပေးပဲ စားသောက် ကုန်စီစစ်ရေးဌာနမှ ကန့်သန့်ချက်များရှိနေသဖြင့် ရေထွက်ပစ္စည်းလုပ်ငန်းရှင်များ ကုန်ကျစရိတ်ပိုများကြောင်း ၎င်းကပြောသည်။

“ အခုပုစွန်တွေ မြဝတီကနေ ယူတယ်ဆိုတာ အစိုးရနဲ့ နားလည်မှုယူပြီး လုပ်နေတာပေါ့ ၊တရားဝင်ခွင့်ပြုမယ် ဆိုရင် ပိုကောင်းမှာပေါ့ ၊ဒါတွေကျတော့ ရှေ့လာမယ့်အစိုးရ ကဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ” ဟု သံလွင်စျေး တွင် ငါးဒိုင်ဖွင့်ထားသည့် ဒေါ်လာဘီက ပြောသည်။

ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာ နိုင်ငံအတွင်းရှိ နီးစပ်ရာ မြို့များသို့ ငါး၊ပုစွန် များအပြင် အခြား စားသောက်ကုန်အချို့လည်း တရားမဝင်တင်သွင်းလျက်ရှိသည်။

Leave a Reply