အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် မြန်မာနိုင်ငံမှ ယာဉ်မောင်းလိုင်စင်ဖြင့် သွားရောက်ယာဉ်မောင်းနှင်နိုင်မည့် သုံးနိုင်ငံစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှု များပြုလုပ်ထားပြီးဖြစ်ကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

DSC_1236 copy

“အိန္ဒိယ၊မြန်မာ၊ ထိုင်းစာချုပ်ချုပ်ဆိုဖို့ဆွေးနွေးထားပြီးပြီ”ဟုကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မာန်ကဟင်္သာမီဒီယာသို့ ပြောသည်။

အခြားနိုင်ငံများကိုလိုက်မီနိုင်ရန် နိုင်ငံဖြတ်ကျော် ယာဉ်မောင်းနှင်ခွင့်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီးလက်တွေ့အကောင်အထည်ဖော်ရန် နိုင်ငံအချင်းချင်းစာချုပ်ချုပ်ဆိုရန် ကျန်ရှိသေးကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းများမှာမူများသောအားဖြင့်တူညီမှုရှိပြီးလက်ယာကပ်မောင်းစနစ် နှင့် လက်ဝဲကပ်မောင်းစနစ်သာကွာခြားနိုင်ကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

” ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းတွေကတော့ သူတို့နိုင်ငံအလိုက်လိုက်နာရမှာပါ”ဟုညွှန်ကြားရေးမှူး ဦးလျန်ကျင့်မာန်ကဆိုသည်။

ပြည်ပနိုင်ငံများတွင် မြန်မာယာဉ်မောင်းလိုင်စင်ဖြင့် မော်တော်ယာဉ်မောင်းနှင်ခွင့်ရရှိပါကအလုပ်သွားရောက် လုပ်ကိုင်ရာတွင် အဆင်ပြေမည်ဖြစ်ကြောင်းစင်ကာပူနိုင်ငံတွင် ယာဉ်မောင်းအလုပ်သမားဘဝဖြင့်လုပ်ကိုင်ခဲ့သူမော်လမြိုင်မြို့၊မြိုင်သာယာရပ်ကွက်နေအမျိုးသားတစ်ဦးကပြောကြားသည်။

“အခုဆိုရင်ဟိုမှာလိုင်စင်ပြန်ဖြေရတယ်။အဲဒါတွေ မရှိတော့ဘူးဆိုရင် အလုပ်ရှုပ်သက်သာပြီးပိုကောင်းတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံခြားယာဉ်မောင်းလိုင်စင်များကို မြန်မာနိုင်ငံကအသိအမှတ်ပြုမောင်းနှင်ခွင့်ပေးထားပြီးအာဆီယံ ၁၀ နိုင်ငံတွင် မြန်မာယာဉ်မောင်းလိုင်စင် အသုံးပြုခွင့်ရရေးအတွက် စာချုပ်ချုပ်ဆိုရန် ဆွေးနွေးလျက် ရှိကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ထို့အပြင် မြန်မာ-တရုတ်၊မြန်မာ-ထိုင်း၊မြန်မာ-လာအိုစသဖြင့် နိုင်ငံဖြတ်ကျော်ယာဉ်မောင်းခွင့်အတွက်လည်းဆွေးနွေးသည့် အဆင့်သာရောက်ရှိသေးပြီးဆက်လက်ဆွေးနွေးစရာများကျန်ရှိနေသေးကြောင်းအဆိုပါ ဦးစီးဌာနထံမှ သိရသည်။

Leave a Reply