မော်လမြိုင်၊ မတ် ။ ။ အောင်ဘာလေ သိန်းဆုဌာနမှ မတ် ၁ ရက်က စတင်ရောင်းချခဲ့သော ကျပ် ၅၀ဝ တန် ထီလက်မှတ်များအား သတ်မှတ်ထားသည့် နှုန်းထားထက် ကျော်လွန်ရောင်းချနေသူများကို အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဦးက ပြောကြားသည်။

ထီလက်မှတ်များ ရောင်းချသည့် ကိုယ်စားလှယ်များအနေဖြင့် ထီလက်မှတ် မထုတ်ပေးခင် အချိန်ကတည်းက စာချုပ်အတွင်း သတ်မှတ်ချက်ထက် ပိုမရောင်းရန် ပါရှိထား၍ ထိုအချက်ကို ဖောက်ဖျက်ပါက အမည်ပျက် စာရင်း (Black List) အတွင်း ထည့်သွင်းခြင်း၊ လစဉ်ထီစာအုပ်ဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းနှင့် ထီအရောင်း ကိုယ်စားလှယ်က အခွန်ဌာနကို သွင်းထားသည့် အာမခံငွေများကို နိုင်ငံတော်ဘဏ္ဍာငွေများအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ထီလက်မှတ်အပေါ်မှာ ရိုက်နှိပ်ထားတဲ့ တန်ဖိုးအတိုင်းပဲ ရောင်းချရမယ်၊ ဒီလိုရောင်းချဖို့ကိုလည်း စာချုပ်ထဲမှာ ထည့်ထားပြီးသား၊ ဒါကို ဖောက်ဖျက်ရင်တော့ စာချုပ်ထဲမှာ ပါတဲ့အတိုင်း အရေးယူမှုတွေ လုပ်ရမှာပေါ့”ဟု ၎င်းက ဆိုသည်။

ထီလက်မှတ် တစ်အုပ်လျှင် ၅၀ဝ၀ ကျပ်ဖြင့် ကိုယ်စားလှယ်များအား ရောင်းချပေးထားပြီး ထီလက်မှတ် တစ်အုပ်လျှင် ထီအစောင်ရေ ၁၁ စောင် ပါဝင်ကာ ယင်းထီလက်မှတ်များထဲမှ ထီလက်မှတ်တစ်စောင်ကို ကိုယ်စားလှယ်များ၏ ခံစားခွင့်အတွက် ပေးထားပြီးဖြစ်ကြောင်း စာချုပ်တွင် ဖော်ပြထားသည်။

သို့သော်လည်း မွန်ပြည်နယ်အတွင်း ထီလက်မှတ် လှည့်လည်ရောင်းချသည့် ဆိုင်အချို့မှာ သတ်မှတ်ထားသော နှုန်းထားထက် ပိုမိုဈေးတင် ရောင်းချနေခြင်းများ ရှိနေကြောင်း ထီကံစမ်းသူအချို့က ပြောဆိုကြသည်။

“ကျွန်တော်တို့နေရာကို လာရောင်းတဲ့လူတွေက ထီကိုဈေးအများကြီး တင်ရောင်းကြတယ်၊ နယ်မှာဆိုတော့ ပိုခံရတယ်၊ အရင်တုန်းကတည်းက ဈေးတင်ရောင်းနေကြပေမယ့် ကံစမ်းချင်တော့ ဝယ်နေရတာပါပဲ”ဟု ကတိုး၊ ကော့နှက်ကျေးရွာမှ ဦးစိန်တိုးက ပြောသည်။

ထီလက်မှတ်များကို ဈေးတင်ရောင်းရခြင်းမှာ နယ်ဆင်းသည့် လမ်းစရိတ်အတွက်သာ ဈေးတင်ရခြင်းဖြစ်ပြီး မြို့ပေါ်တွင်မူ အတတ်နိုင်ဆုံး မူရင်းဈေးအတိုင်း ရောင်းချနေကြောင်း သုံးဘီးယာဉ်ဖြင့် ထီလှည့်လည် ရောင်းချနေသူတစ်ဦးက ရှင်းပြသည်။

မွန်ပြည်နယ်အတွင်း ထီလက်မှတ်များ ထုတ်ယူထားသည့် ထီအရောင်း ကိုယ်စားလှယ် ၁၈၇ ဦးရှိပြီး ထီလက်မှတ် ၂၃၄၄၈ စောင် ထုတ်ပေးထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

Written by – ဖိုးဝ

Leave a Reply