ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ ထုတ်လုပ်ခွင့် ထောက်ခံချက်လိုင်စင်မရှိဘဲ ရေသန့်လုပ်ငန်း လုပ်ကိုင်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) (ရန်ကုန်ရုံးခွဲ) ၏ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်က ဆိုသည်။

“တရားဝင် ကျွန်တော်တို့ ကြေညာပါပြီ ရေသန့်ထုတ်လုပ်ခွင့် မရှိဘဲ ထုတ်လုပ်ပါက တရားစွဲပါမယ်။ ပြစ်ဒဏ် ချတာကိုတော့ တရားရုံးကနေ လုပ်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် သောက်ရေသန့် လုပ်ငန်းရှင်များအား အသိပညာပေးတွေ့ဆုံပွဲတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

“တရားစွဲတာ အခုမှ လုပ်တာလားလို့မေးရင် မဟုတ်ပါဘူး၊ အခုတော့ ပိုပြီးတရားစွဲမယ်လို့ ပြောချင်တာပါ၊ နဂိုကတည်းကလည်း ကျွန်တော်တို့ ထောက်ခံချက်မရှိဘဲ ထုတ်လုပ်တာတွေ့ရင် တရားစွဲပါတယ်၊ ဒါမည်သူ့ကိုမှ ချစ်လို့ မည်သူ့ကိုမှ မုန်းလို့ မဟုတ်ပါဘူး”ဟု ဦးသန်းထွဋ်က ဆိုသည်။

ရေသန့် ထုတ်လုပ်ရာတွင်လည်း လုပ်ငန်းများအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ပြည့်မှီရမည်ဖြစ်ပြီး ဆေးစစ်ချက် လေးကြိမ်ထိသာ အစစ်ဆေးခံနိုင်ပြီး လေးကြိမ်ထက်ပိုသည့် လုပ်ငန်းများကို ထပ်မံ၍ရေသန့် ထုတ်လုပ်ခြင်းမပြုရန် အကြံပြုပြောကြားလိုသည်ဟု ဦးသန်းထွဋ်က ဆိုသည်။

ယင်းကဲ့သို့ ဆေးစစ်ရာတွင် ယခင်က Standard Plate Count ကို (100) သတ်မှတ်ထားခဲ့ပြီး ယခုအခါ အာဆီယံ စံနှုန်းအတိုင်း (500) အထိ လျော့ချလိုက်ပြီဖြစ်ပြီး ယင်းသို့ လျော့ချလိုက်ခြင်းသည် သုံးစွဲသူ ပြည်သူများအတွက် အန္တရာယ်မရှိသည့် ပမာဏဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယင်းအပြင် Coliform ဟု ခေါ်ဆိုသည့် လူ့မစင်တွင်သာ တွေ့ရသည့် ပိုးမွှားများပါဝင်မှုကို သုည ရာခိုင်နှုန်း သတ်မှတ်ထားပြီး အဆိုပါ ပိုးမွှားများ ပါဝင်သည်ကို တွေ့ရှိသည့် ရေသန့်များကိုမူ ထုတ်လုပ်ခွင့် လုံးဝ မပြုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး Power 97 ရေသန့်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒေါ်ဝင်းဝင်းမော်က “ကျွန်မတို့က FDA ရဲ့ လမ်းညွှန်မှုအတိုင်း သွားမှာပါ ကျွန်မတို့လုပ်တာက ရှစ်လလောက်ပဲရှိသေးတယ်၊ ထောက်ခံချက်တင်ထားတုန်း စတော့ မဖြန့်ရသေးဘူး။ ဒီကြားထဲမှာ FDA က တစ်ခါလာစစ်ပြီး လိုအပ်တာတွေ ညွှန်ကြားသွားတယ်။ စစ်တာကတော့ ရှောင်တခင်မဟုတ်ပါဘူး။ ဘယ်နေ့ လာစစ်ပါ့မယ်ဆိုပြီး အကြောင်းကြားစာပို့ပေးပါတယ်”ဟု ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ထောက်ခံချက် ပေးထားသည့် ရေသန့် လုပ်ငန်းအမျိုးပေါင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၉၄၇ ခုရှိကြောင်း အဆိုပါဌာနမှ သိရှိရသည်။

Leave a Reply