မော်လမြိုင်၊ ဇွန် ၂ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်(မော်လမြိုင်)တွင်း အကျဉ်းသား၊ အကျဉ်းသူများ အဆောင်တွင်းသို့ ရှောင်တခင်စစ်ဆေးခဲ့ရာတွင် တားမြစ်ပစ္စည်းများ တွေ့ရှိသောကြောင့် ထောင်ပိုင် ဦးခင်မောင်ကြီး နှင့် ဒုတိယထောင်ပိုင် ဦးစိုးနိုင်တို့ကို ဘားအံအကျဉ်းဦးစီးဌာနသို့ပြောင်းရွှေ့စစ်ဆေးလျက်ရှိကြောင်း နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနထံမှ သိရသည်။

IMG_1610 copy

ထောင်တွင်းမူးယစ်ဆေးဝါးရရှိသည်ဟု သတင်းများထွက်ပေါ်ခြင်းကြောင့် နေပြည်တော်၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက မေလ ၂၉ ရက်နေ့ နံနက် ၅ နာရီတွင်

မော်လမြိုင်အကျဉ်းထောင်ကို ရှောင်တခင် စစ်ဆေးခဲ့ရာ တားမြစ်ပစ္စည်းများဖြစ်သည့် ငွေကြေး၊တုတ်နှင့် ကြိုးစသည်တို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်အကျဉ်းဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သတင်းတွေပြန့်နေလို့ဝင်ရှာတယ်။မူးယစ်ဆေးမမိဘူး။ တားမြစ်ထားတဲ့ ပစ္စည်းတွေဖြစ်တဲ့ ပိုက်ဆံတို့၊တုတ်တို့ ၊ကြိုးတို့အဲဒါတွေပဲတွေ့တယ်” ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထောင်ပိုင်ကို ဆက်လက်ထားရှိပါက ပြဿနာများ ဖြစ်လာ နိုင်သောကြောင့် ဘားအံအကျဉ်းဦးစီးဌာနတွင် တွဲဘက်အဖြစ်တာဝန်ပေးထားခြင်းဖြစ်ပြီး အရေးယူခြင်းမှာမူ တာဝန်ရှိသူများ၏ သဘောထားသာဖြစ်ကြောင်း မွန်ပြည်နယ်၊အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်နိုင်က ရှင်းပြသည်။
ထို့ပြင် လူမှုကွန်ယက်စာမျက်နှာတွင်ပြန့်နှံ့နေသော မော်လမြိုင်အကျဉ်းထောင်အတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှ မူးယစ်ဆေးဝါများ တွေ့ရှိသည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း ၎င်း ကဆက်လက်ပြောသည်။

ရင်ငြိမ်းချမ်း

Leave a Reply