မော်လမြိုင်၊ မတ် ၃၀ ။ ။ သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်တွင် မတ် ၂၉ ရက် နံနက် ၁၁ နာရီက လောင်းကစားအမှုဖြင့် အပြစ်ဒဏ် ကျခံနေသူ ဦးဂျော်နီရှိန်ကို ဧည့်တွေ့လာရောက်သော အမျိုးသမီးတစ်ဦးသည် ၎င်းယူဆောင်လာသည့် သွားတိုက်ဆေးဗူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ပြား ဖမ်းဆီး ရမိခဲ့ကြောင်း သထုံမြို့မရဲစခန်းမှူး ဒုတိ်ယရဲမှူး သန်းဇော်က ပြောကြားသည်။

သထုံအကျဉ်းထောင်အတွင်းသို့ မူးယစ်ဆေးဝါးများ ထည့်သွင်းနေကြောင်း သတင်းရရှိသဖြင့် သွားရောက် စောင့်ဆိုင်းနေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် မဇင်မာဝင်းမှ ရောက်ရှိလာပြီး ၎င်းလက်၌ ကိုင်ဆောင်လာသော ပလပ်စတစ် ဆွဲခြင်းအား ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“အကျဉ်းသား ဂျော်နီရှန် ဆိုတဲ့သူက မူးယစ်ဆေးဝါး သတင်းထွက်ပေါ်နေလို့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက် ဖမ်းဆီးခဲ့တဲ့အချိန်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပစ္စည်းမတွေ့ရှိခဲ့ရဘဲ လောင်းကစားပစ္စည်းတွေပဲ တွေ့ရှိခဲ့လို့ လောင်းကစားအမှုနဲ့ ထောင်ကျနေတဲ့သူ ဖြစ်တယ်”ဟု ဒုတိယရဲမှူး သန်းဇော်က ပြောဆိုသည်။

သထုံမြို့နယ် အကျဉ်းထောင်၌ လောင်းကစားအမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ ထောင်ဝင်အမှတ် သထ (၁၆/ဝ၀၄၉၃) ဦးဂျော်နီရှိန်ကို ဧည့်တွေ့ပြီး ပေးရန်ယူဆောင်လာသည့် ကော်ဆွဲခြင်းအတွင်းရှိ သွားတိုက်ဆေးဘူးကို ကပ်ကျီးဖြင့် ညှပ်ဖြတ်ခဲ့ရာမှ အအေးစုပ်ပိုက်ဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားပါ အအေးစုပ်ပိုက် ငါးချောင်းကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

“ဇင်မာဝင်းဆိုသူ မတ်လ ၂၈ ရက် ညနေ ၄ နာရီက တစ်ကြိမ် ဧည့်တွေ့လာပြီး ဒီနေ့ထပ်လာပြီး ဂျော်နီရှိန်က သွားတိုက်ဆေးမှာလို့ လာပို့တာပါ”ဟု မဇင်မာဝင်းကို စစ်ဆေးခဲ့ရာမှ ထွက်ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိပြီး အကျဉ်းထောင်အတွင်းသို့ ခိုးဝှက်သယ်ဆောင်လာသူ မဇင်မာဝင်းကို သထုံမြို့မရဲစခန်းမှ မယ (ပ) ၂ /၂၀၁၇၊ မူးစိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ယင်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သန်းဇော်က ဆိုသည်။

Written by – ခေတ်မင်း

Leave a Reply