ထွက်ပြေးသည့် အကျဉ်းသားများကို တရားသူကြီးကိုယ်တိုင် လိုက်ဖမ်း

 

အမေရိကန်နိုင်ငံ၌ အကျဉ်းသားနှစ်ဦးသည် ဝါရှင်တန်ပြည်နယ် တရားရုံးထဲမှ ထွက်ပြေးသွားခဲ့ကြသည်။

သို့သော် ၎င်းတို့နှစ်ဦးကို တရားသူကြီးကိုယ်တိုင် လိုက်ဖမ်းခဲ့ရာ သူတို့နှစ်ဦး၏ လွတ်မြောက်မှုမှာ ခဏသာခံခဲ့သည်။

တရားရုံးဗီဒီယိုမှတ်တမ်းများအရ တရားခွင်ပြီးဆုံး၍ ၎င်းတို့နှစ်ဦးကို ပြန်လည်ခေါ်ဆောင်သွားရာတွင် အမိန့်အတိုင်း မလိုက်နာဘဲ တရားရုံးအတွင်းမှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထိုအခါ တရားသူကြီး ဘတ်ဇတ်သည် တရားသူကြီး ဝတ်ရုံကို ချွတ်ချကာ သူကိုယ်တိုင် လိုက်ဖမ်းတော့သည်။

“သူတို့ တံခါးပေါက်ကနေ ထွက်ပြေးတဲ့အချိန်မှာ ကျွန်တော် တွေးလိုက်တယ်။ သူတို့ဒီကနေ ထွက်ပြေးရင် လမ်းပေါ်ရောက်သွားမယ်။ တားမယ့်လူမရှိဘူး။ ငါ ပြေးလိုက်သွားရင် အနည်းဆုံးတော့ သူတို့ဘယ်ဘက်ကို သွားလဲဆိုတာ သိရမှာပဲလို့တွေးပြီး ပြေးလိုက်သွားတယ်” ဟု တရားသူကြီးက ဆိုသည်။

ထွက်ပြေးသွားခဲ့ကြသော အကျဉ်းသားနှစ်ဦးဖြစ်သည့် ဟိုးဝါ့ဒ်နှင့် တန်နာ ဂျက်ကော့ဘ်ဆန်တို့မှာ လက်ထိပ်ခတ်လျက်သားဖြစ်နေရာ လှေကား သုံးဆင့်အတိုင်း ကသောကမျောနှင့် လဲကျလိုက်ထလိုက် ပြေးဆင်းကြရတော့သည်။

ထိုကဲ့သို့ လဲကျနေခြင်းကြောင့် ဘတ်ဇတ်အတွက် ကောင်းသွားသည်။

”လှေကားခွင်ကို ရောက်တဲ့အခါ ကျွန်တော့်ရှေ့က တစ်ယောက်ကို ကျွန်တော် ဖမ်းလို့ ရနိုင်လောက်တယ်ဆိုတာ သဘောပေါက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ချက်ချင်း မီသွားတာကိုး” ဟု တရားသူကြီး ဘတ်ဇတ်က ဆိုသည်။

ဒေသတွင်းသတင်းမီဒီယာများအရတော့ ဂျက်ကော့ဘ်ဆန်က လမ်းထိရောက်အောင် ထွက်ပြေးသွားနိုင်ခဲ့သော်လည်း ဟိုးဝါဒ်ကိုတော့ အရေးပေါ် ထွက်ပေါက်တွင် တရားသူကြီးက ဖမ်းဆွဲထားသဖြင့် ဘယ်မှ မပြေးနိုင်လိုက်ပေ။ ဂျက်ကော့ဘ်ဆန်ကိုတော့ တရားရုံးနှင့် ဘလောက်အနည်းငယ်ခန့် အကွာတွင် ဖမ်းမိခဲ့သည် ဟု ဆိုသည်။

“ဒီအကျဉ်းသားနှစ်ယောက်ကို ပြန်ဖမ်းဆီးရာမှာ တရားသူကြီးရဲ့ ကြိုးပမ်းမှုက အများကြီး အထောက်အကူဖြစ်ပါတယ်။ တရားသူကြီး ဘတ်ဇတ်က ဒီလို ဝင်ပြီး ကူညီပေးတာ ဒါပထမဆုံး အကြိမ်မဟုတ်ပါဘူး” ဟု လူးဝစ်ကောင်တီရဲဌာနမှ ရဲအရာရှိ က ပြောသည်။

ထို့နောက် တရားသူကြိးလည်း တရားခွင်သို့ ပြန်လာပြီး ပုံမှန်အတိုင်း အမှုများကို ဆက်လက် စစ်ဆေးခဲ့သည်။

ယခုအခါတွင်တော့ ဟိုးဝါ့ဒ်နှင့် ဂျက်ကော့ဘ်ဆန်တို့မှာ အချုပ်ခန်းထဲသို့ ပြန်ရောက်နေပြီဖြစ်ကာ ယခုကဲ့သို့ ထွက်ပြေးရန် ကြိုးပမ်းမှုအတွက် ပြစ်ဒဏ်များ ပိုမို ကျခံရတော့မည်ဖြစ်သည်။

Source: CNN

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.