Advertisements

“အစိုးရက ကျွန်မကို စေတနာရှိလို့ ဒီစာကို ထုတ်ပေးတာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ တကယ်လို့၊ ကျွန်မလည်း မပြောတတ်တော့ဘူး။ ဒီစာကို ထုတ်ပေးလိုက်တာနဲ့ ကျွန်မက ရုံးတက်လို့ ရပြီလို့ ထင်ခဲ့တာ။ အခုက သူတို့မှာ ဘာအခက်များရှိနေလဲ ဆိုတာ မသိရဘူး”

ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်ချုပ်ရေးမှူး မိသန်းဌေးက လတ်တလောအဖြစ်အပျက်များအပေါ် ပြောပြခြင်းပင်။

သူမမှာ ဥပဒေ ချိုးဖောက်ခဲ့သည်ဟု ဆိုကာ လွန်ခဲ့သော နှစ်လ၊ ဧပြီ ၂၆ ရက်က တာဝန်မှ ရပ်စဲခံထားရသူဖြစ်၏။ ယင်းသို့ ရပ်စဲထားခြင်းကို ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်ပယ်ဖျက်ခြင်း အကြောင်းကြားစာကို ဇွန် ၂၁ ရက်၌ ပေးပို့လာသည် ဟု မိသန်းဌေး ပြောသည်။

သို့သော် သူမမှာ တစ်ပတ်ကျော်ကြာသည့်တိုင် မူလတာဝန်ပြန်လည်ထမ်းဆောင်နိုင်ခြင်း မရရှိသေး၊ ရုံးပြန်တက်ခွင့်မရသေးဟု ဇွန်လ ၂၈ ရက်တွင် ဟင်္သာသို့ ပြောသည်။

ဇွန်လ ၂၄ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး တာဝန်ပြန်လည်ထမ်းဆောင်မည်ဖြစ်ကြောင်း စာတင်ခဲ့သည်ဟု သူမက ဆိုသည်။

“တင်ပြီး ပြန်ခဲ့တဲ့အချိန်မှာပဲ ကျွန်မဆီကို ဖုန်းဆက်လာတယ်။ အဲဒီစာကို တင်စရာမလိုတော့ဘူးဆိုပြီးတော့”ဟု မိသန်းဌေးကဆို၏.

တာဝန်မှ ရပ်စဲခြင်းကို ပယ်ဖျက်ပြီးပါက မူလနေရာ ပြန်ရပြီဟု သူမက ယူဆထားခြင်းဖြစ်ပါသည်။

“ကျွန်မထင်တာက ကျွန်မကို တာဝန်ကနေ ရပ်စဲထားတဲ့ ကိစ္စပယ်ဖျက်ပြီးဆိုရင် ကျွန်မက အော်တို ဗိုလ်နေရာဗိုလ်၊ ကျားနေရာကျား ပြန်ရောက်မှာပေါ့လို့။ အဲဒါကြောင့်မို့ ကျွန်မကို မတင်ခိုင်းဘူးလို့ ထင်ခဲ့တယ်”ဟု ၎င်းက ပြော၏။

ထိုအခြေအနေတို့ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပြန်လည် ဆက်သွယ်ရာတွင် ခရိုင်အဆင့်သို့ ယင်းကိစ္စကို တင်ပြထားကြောင်း၊ ယင်းမှ ပြန်ကြားချက် လိုအပ်ကြောင်း တုံ့ပြန်ဖြေကြားသည်ဟု သူမက ပြောပြသည်။

“ကျွန်မရုံးပြန်တက်တော့မယ်ဆိုပြီး ပြောတော့ သူက ခဏ နေဦး၊ ကျွန်တော် ခရိုင်ကို တင်ထားတယ်။ အဲဒါကို စောင့်ပေးဦးတဲ့”ဟု မိသန်းဌေးက ပြန်ပြောပြခဲ့သည်။

သူမ တာဝန်မှ ရပ်စဲခံရသည်မှာ တရနာ ကျေးရွာ၌ နိုင်ငံခြားသား တစ်ဦး နေထိုင်နေခြင်းကို တာဝန်ရှိသူထံ သတင်းမပို့သဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ၏ အခန်း (၄) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး လုပ်ငန်းတာဝန်များမှ ပုဒ်မ ၁၇ တွင် နိုင်ငံခြားသားများ ဝင်ထွက်သွားလာခြင်း၊ နိုင်ငံခြားသားများ ဝင်ရောက် တည်းခိုနေထိုင်ခြင်း၊ နိုင်ငံခြားသားများ၏ ထူးခြားဖြစ်စဉ်များ ဖြစ်ပွားခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင် ရာသို့ သတင်းပို့ရမည် ဖြစ်သည်။

ရပ်/ကျေး ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) သည် အခန်း (၅) ပါ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ် တရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ ပုဒ်မခွဲ (ဂ) သည် တည်ဆဲ ဥပဒေ တရပ်ရပ်အရ အရေးယူခံရခြင်း၊ ပုဒ်မခွဲ (စ) သည် ယင်း ဥပဒေ အခန်း (၃) တွင် ပြဋ္ဌာန်းထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အရည်အချင်း ပျက်ယွင်းခြင်းဟု ပြဋ္ဌာန်းထားသည်။

ယင်းအဖြစ်အပျက်သည် တည်ဆဲဥပဒေများနှင့် ညီမညီဆိုသည်ကို “တရနာ အုပ်ချုပ်ရေးမှူးကို ကက်ဘိနက် အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ပထမ ယာယီအနားပေးတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်ကို တာဝန်မှရပ်စဲတယ်ဆိုတာ ခရိုင်အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့ လုပ်ပိုင်ဆုံးဖြတ်ခွင့်ရှိတာဖြစ်တယ်”ဟု မွန်ပြည်နယ်လွှတ်တော်၊ တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက သုံးသပ်ပြောဆိုသည်။

ယင်းကို အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ယခုကဲ့သို့ တရနာအုပ်ချုပ်ရေးမှူးကို တာဝန်ရပ်စဲခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။

 

မိသန်းဌေးကမူ တရနာ ကျေးရွာရှိ ဒေသခံအများစုမှာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီးနောက် မိမိမွေးရပ်မြေသို့ ပြန် လာနေထိုင်သည့် အလေ့အထ ရှိကြောင်း၊ ဦးချိုဆိုသူမှာ မြန်မာနိုင်ငံသားမှ အမေရိကန်နိုင်ငံသား အဖြစ် ခံယူထားခြင်းကို သူမအနေဖြင့် မသိခဲ့ကြောင်း ပြောသည်။

“ကျွန်မကို လာတိုင်တဲ့ အချိန် အလုပ်ရှုပ်နေလို့ ရာအိမ်မှူးကို လွှတ်လိုက်တယ်။ သူ တားမရလို့ ကျွန်မက တရနာ ရဲကင်း စခန်းဆီ အပ်ခဲ့ပါတယ်။ ဦးချိုကလည်း ရဲစခန်းမှာ ၂၄ နာရီ ထိန်းသိမ်းခံရတယ်။ အဲဒီအချိန်မှာ သူက နိုင်ငံခြားသား ခံယူ ထားမှန်းလည်း ရဲစခန်းက မသိဘူး။ ရဲစခန်းက သိရင်တော့ (လဝက) ကို အကြောင်းကြားမှာပေါ့။ သူတို့ ပြောတဲ့ပုံက ကိုယ့်မှာ အပြစ်ရှိတယ်” ဟု မိသန်းဌေးက ပြောသည်။

အစိုးရအဖွဲ့မှ အုပ်ချုပ်ရေးမှူးတာဝန်မှ ရပ်စဲခံရမှုမှာ တရားမျှတမှု လုံးဝမရှိခြင်း၊ အမှန်တရားဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးနှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ထံသို့ မေ ၃၁ ရက်နေ့ ရက်စွဲဖြင့် ဒေသခံတို့က တိုင်ကြားခဲ့ကြောင်းလည်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲလိုက်မှုနှင့် ပတ်သက်၍ ကျေးရွာနေပြည်သူ ၁၅၀၀ ခန့်တို့ လက်မှတ်ရေးထိုးကာ ပြည်နယ်အစိုးရထံ အသနားခံစာတင်ပြလာကြောင်း၊ ယင်းနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ယခင်ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် တရနာအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ယူထားသူ ဦးဟမုကမူ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ရန်အတွက် ၅ ဦးကော်မတီဖွဲ့ထားရှိကြောင်း၊ ကော့စွယ်ရွာ ရာအိမ်မှူးတစ်ဦးကိစ္စနှင့် ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ စိစစ်ဆောင်ရွက်ပြုလုပ်ပြီးမှသာ တရနာကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်ပြန်လည်ရွေးချယ်သွားရမည်ဖြစ်ကြောင်း ပြောဆိုသည်။

တရနာ ကျေးရွာဒေသခံ ဦးမင်းကရိုင့် က “အစိုးရ ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖြုတ်လိုက်တဲ့ ကိစ္စကို မှားတယ်လို့ ကျွန်တော်တို့ တောင်သူလယ်သမားတွေကတော့ ယူဆတယ်”ဟု မှတ်ချက်ပြုသည်။

ကာယကံရှင် မိသန်းဌေးကတော့ ဖြုတ်ချသည့်စာကို ပယ်ဖျက်လိုက်သော်လည်း တာဝန်ထမ်းဆောင် ခွင့်မရသေးခြင်းကို မေးခွန်းထုတ်နေရဆဲဖြစ်၏။ “ဒီနေ့ အထိဘာမှ မထူးလာတဲ့အတွက် ကျွန်မစာပြန်တင်မယ်”ဟု ၎င်းက ဆိုသည်။

အထက်ပါ အဖြစ်အပျက်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်သူရွေးသော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တပ်မတော်က ခန့်ထားသည့် ပြည်ထဲရေးဝန်ကြီးနှင့် ၎င်း၏ လက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဆင့်ဆင့်က ထိန်းညှိကွပ်ကဲနေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း သက်ဆိုင်သည့် တရနာကျေးရွာ၏ ယာယီအုပ်ချုပ်ရေးမှူး ဦးဟမု၏ မှတ်ချက်မှာ ယခုလိုပင်။

“ကျွန်တော့်အလုပ်ရဲ့ အသက်က အထက်ကလူကြီးမှာရှိတာကိုး။ လူကြီးခိုင်းရင် လုပ်နိုင်သလောက်လုပ်ရမယ်။ မလုပ်နိုင်ရင် သူတို့ရပ်ဆိုင်းရင် ရပ်ရမယ်လေ။ ရွာကပြည်သူတွေက မဲထည့်ပြီးပြီ သွားပြီလေ သူတို့နဲ့ တင်မြှောက်ပြီးသွားပြီ “ဟူ၍။

Written by ခေတ်မင်း

 

Leave a Reply