Advertisements

တကယ်တော့ ဒီနေရာလေးက လွမ်းဆွတ် ဖွယ်ရာကောင်းလှသလို သဘာဝတရားရဲ့ လှပ မှုတွေနဲ့ငြိမ်းချမ်းရာနေရာတစ်ခုဆိုလည်း မမှားပါ ဘူး။ ဒါ့အပြင်တိမ်တွေနေတဲ့ အရပ်တစ်ခုလည်း ဖြစ်တယ်။ တိမ်တွေနဲ့ ထိတွေလို့ရတဲ့ နေရာ တစ်နေရာလည်းဖြစ်တယ်။

မြူတွေဆိုင်းပြီး လှပနေတဲ့ နေရာဆိုရင် အများစုကတော့ ချင်းပြည်နယ်လို့ပဲ မြင်မိမှာပါ၊ ဒီနေရာလေးဟာ ရန်ကုန်နဲ့မဝေးသလို ကားနဲ့ သွားရင်လည်း ငါးနာရီလောက်သာ ကြာပါ တယ်။ အရင်ကတော့ အညိုရောင် နယ်မြေလို့ ခေါ်ခဲ့ပေမယ့် အခုတော့ အေးချမ်းနေပြီး ခရီး သွားလုပ်ငန်းတွေ တိုးတက်လာတဲ့နေရာတစ်ခု ဖြစ်လို့နေပါပြီ။

ရန်ကုန်နဲ့လည်းနီးတဲ့ နေရာတစ်ခု၊ အဲဒီ နေရာကတော့ တောင်ငူမြို့ကနေတစ်ဆင့် သွား ရတဲ့ သံတောင်ကြီးပဲဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေလေးထောင်ကျော် လောက်မှာတည်ရှိတဲ့ ကရင်ပြည်နယ်၊ သံတောင် မြို့ကတော့ သီးခြားကမ္ဘာတစ်ခုအဖြစ် တည်ရှိနေ ပြီး သဘာဝတောတောင်တွေနဲ့ စိမ်းလန်းနေ ပါတယ်။

အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးမှာ ပေါ်ပေါက် လာခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပြီး ၁၉၅၄ ခုနှစ်မှာ ကရင် ပြည်နယ်လို့ သတ်မှတ်လိုက်တဲ့အခါ ပြည်နယ်ရဲ့ မြို့တွေထဲမှာ သံတောင်လည်း ပါဝင်ခဲ့ပါတယ်။ သံတောင်ကြီးကို သွားမယ်ဆိုရင်တော့ ရန်ကုန် ကနေ တောင်ငူထိ ကားစီးခဲ့ရမှာဖြစ်ပြီးတော့ တောင်ငူမြို့ကနေ ဆိုင်ကယ်နဲ့ဖြစ်စေ၊ သံတောင် ကြီးအထိ ပြေးဆွဲပေးနေတဲ့ လိုင်းကားတွေနဲ့ ဖြစ်စေ သွားရောက်နိုင်ပါတယ်။

ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရင် ကုန်ကျ စရိတ် သက်သာလှပါတယ်။ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ နေ့ချင်းပြန်သွားရင်လည်း ငွေ ကျပ် သုံးသောင်းဝန်းကျင်သာ ကုန်ကျနိုင်တာမို့ စရိတ်နည်း ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ အေးအေး ဆေးဆေးသွားချင်ရင်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတာ အကောင်းဆုံးပါပဲ။ သံတောင်ကြီး ကိုတက်မယ်ဆိုရင် တောင်တက်လမ်း အကွေ့အ ကောက်တွေမှာ တချို့နေရာတွေဆိုရင် အကာ အရံတွေမရှိတာကြောင့် တောင်အောက်က ချောက်ကိုကြည့်ပြီး အသဲတယားယားရင်တဖိုဖို ခံစားရပါတယ်။ အတက်လမ်းနဲ့အဆင်းလမ်းရှိပေ မယ့် တောင်တက်လမ်းတစ်လျှောက်မှာလည်း အပင်ကြီးတွေနဲ့ စိမ်းစိုညိုမှောင် အေးစိမ့်နေပါ တယ်။ တောင်ပေါ်ရောက်ချိန် ညနေငါးနာရီ နောက်ပိုင်းပဲနဲ့ မနက်စောစော ခြောက်နာရီ၊ ခုနှစ်နာရီအချိန်လောက်ဆို တိမ်တွေကို မြင်တွေ့ ရပါပြီ။

သံတောင်ကြီးအပေါ်ကနေ တောင်ပေါ်ရှု ခင်းကြည့်တာ၊ နော်ဘူဘောတောင်နဲ့ တခြား တောင်တွေကို လည်ပတ်ကြည့်ရှုတာတွေ လုပ် လို့ရပါတယ်။ တိမ်တွေကို အဆုပ်လိုက် မြင်ရဖို့ ဆိုရင် အခုလိုမိုးတွင်းမှာဆို အကောင်းဆုံးဖြစ်ပါ တယ်။ ဒါပေမယ့် မိုးတွင်းဆို လူသိပ်မတက် ကြပါဘူး။ မြူတိမ်တွေကို ဖမ်းဆုပ်လို့ရတဲ့နေရာ တစ်ခုလို့ ဆိုချင်တယ်။

တည်းခိုဖို့နေရာကတော့ သံတောင်ကြီး မြို့ပေါ်မှာ တည်းခိုစရာနေရာ နည်းပါးနေသေး ပေမယ့်လည်း နော်ဘူဘောတောင် အနီးမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းမှာ ဧည့်သည်တွေအ တွက် စီစဉ်ထားတဲ့ ဧည့်ဆောင်တွေမှာလည်း သွားရောက်တည်းခိုနေထိုင်နိုင်ပါတယ်။ အလှူ ငွေထည့်ဝင်ပြီး တည်းခိုနေနိုင်ပါတယ်။ ဘုရား ကျောင်းက သင်းအုပ်ဆရာကတော့ ဧည့်သည် တွေအတွက် ထမင်း၊ ဟင်း ချက်ကျွေးခြင်းနဲ့ နေထိုင်စရာနေရာကို စီစဉ်ပေးခြင်းတို့ကို တာဝန် ကျေပွန်စွာ ဆောင်ရွက်ပေးပါတယ်။ ကရင်ရိုးရာ ဟင်းတွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေး တယ်။ ကရင်တာလဘောဟင်း၊ ကြက်သားချက် ဟင်းနဲ့စားရတဲ့ ညစာထမင်းပွဲဟာ တောင်ပေါ် ရောက်မမေ့နိုင်တဲ့ အမှတ်တရတစ်ခုပါပဲ။

နော်ဘူဘော တောင်ခြေကနေ လှေကား ထစ်လေးတွေအတိုင်း တက်မယ်ဆိုရင်တော့ အမြင့်ဆုံးတောင်ထိပ်ကို ရောက်မှာဖြစ်ပြီး၊ အဲဒီ နေရာကလေးက ရှုခင်းကြည့်လို့ အကောင်းဆုံး နေရာတစ်ခုလည်းဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ် ပါတယ်။

တောင်တက်လမ်းတစ်လျှောက်မှာလည်း ဆုတောင်းဂူလေးတွေကို တွေ့နိုင်ပြီး တောင်ထိပ် မှာ ကြီးမားတဲ့ လက်ဝါးကပ်တိုင်ကိုလည်း တွေ့ရ ပါမယ်။ လျှောက်လမ်းတစ်လျှောက်မှာ လမ်း လျှောက်ရင်း လေ့လာစရာတွေကို လေ့လာနိုင် ပြီး နော်ဘူဘောတောင်သမိုင်းကို တွေးတောနေ နိုင်ပါတယ်။
နော်ဘူဘောတောင် သမိုင်းကြောင်းကို ပြောရရင် နှလုံးရည်ပြည့်စုံတဲ့ ယောကျ်ားကောင်း စောသောဒိုခွားနဲ့ လှပပြီး ယဉ်ကျေးလိမ္မာတဲ့ နော်ဘူဘော တို့ရဲ့ အချစ်ဇာတ်လမ်းကနေ ဖြစ် တည်လာတဲ့ ပုံပြင်လို့ ဆိုရိုးတွေရှိခဲ့တဲ့ နော်ဘူ ဘောတောင်ပါ။

မင်းသမီးလေး နော်ဘူဘောဟာ ယောင် နောက် ဆံထုံးပါဆိုရိုးအတိုင်း ချစ်သူ စောသော ဒိုခွားနောက်လိုက်ပါသွားတဲ့အခါ၊ မိခင်ဖြစ်သူက ဘယ်လောက်ချက်ချက် မလျှော့တဲ့ ဆန်ဘူးနဲ့ ဆံပင်မှာ ပန်ဆင်ထားရင် လူအများကြားမှာ ထင်ရှားပြီး၊ ခြေမှာနင်းထားရင် ကိုယ်ပျောက် နိုင်တဲ့ စွမ်းအားရှိတဲ့ငွေဘီးကို လက်ဆောင်အ ဖြစ် ပေးလိုက်ပါတယ်။ မင်းသမီးလေး တန်ခိုးနဲ့ တိုင်းပြည်မှာ ဆန်စပါး ကြွယ်ဝပြီး သူမရဲ့ ချစ်သူ ကလည်း သူမရဲ့ ငွေဘီးတန်ခိုးနဲ့ ရန်သူတွေကို အလွယ်တကူ အောင်မြင်နေမှုတွေဖြစ်ခဲ့ပါတယ်။ ဘယ်မရာမဆို အောင်မြင်ရင် မနာလိုတတ်တဲ့ လူ့သဘာဝတွေက အခုမှမဟုတ်ပါဘူး။ ဟိုးအရင် ကတည်းကကို တည်ရှိနေခဲ့တာပါ။ မနာလိုတဲ့ သူတွေဟာ မင်းသမီးလေးကို ချောက်တွန်းဖို့ အမြဲကြံစည်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မင်း သားလေး စစ်တိုက်သွားတဲ့အခါမှာ ငွေဘီး ပါ သွားပေမယ့် မင်းသားလေး ကျဆုံးခဲ့ရာကစပြီး နော်ဘူဘောတစ်ယောက် ကံဆိုးခဲ့ရပါတယ်။ မင်းသားကျဆုံးတဲ့အခါ မနာလိုသူတွေက စု ပေါင်းတောင်းဆိုမှုကြောင့် မင်းသားလေးရဲ့ခမည်း တော် ကိကုဘုရင်ဟာ ချွေးမတော်ကို နယ်နှင် ဒဏ်ပေးလိုက်ရကာ နော်ဘူဘော မင်းသမီးလေး ခမျာ ဒေါဖားခိုတောင်သို့ ခေါ်ဆောင်သွားခံရပြီး ရင်ကွဲနာကျ သေဆုံးသွားခဲ့ရတယ်လို့ ဒဏ္ဍာရီ တွေအဖြစ် ရှိခဲ့ပါတယ်။

ဒီ ဇာတ်လမ်းလေးထဲမှာ ချစ်ခြင်းမေတ္တာ အပြင် တန်ခိုးအာဏာ၊ မနာလိုမှုနဲ့ မယုံကြည်မှု သံသယတရားတွေကြားမှာ ချစ်သူနှစ်ယောက် ဟာ မြေဇာပင် ဖြစ်ခဲ့ကြပြီး ဝမ်းနည်းစရာ ဇာတ် လမ်းလေးအဖြစ် ဇာတ်သိမ်းခဲ့ပါတယ်။

ဒေသခံတွေက ဝတ်ဖြူစင်ကြယ်နဲ့ နက် မှောင်တဲ့ ဆံပင်အရှည်ကြီး ဖျားလျား ချထားတဲ့ အမျိုးသမီးငယ်လေးကို ဒီတောင်ပေါ်မှာ ဝိုးတဝါး တွေ့ရလေ့ရှိတယ်။ အဲဒီလိုတွေ့တဲ့ နှစ်တွေဆိုရင် ဆန်စပါး ပေါများပြီး သာယာတယ်လို့ အယူရှိ ကြတာ ဒီနေ့ခေတ် အချိန်အထိပါပဲ။ ဒါကြောင့် ဒီဆုတောင်းတောင်ကို လူမျိုးဘာသာမရွေး လာ ပြီး သစ္စာတိုင် ဆုတောင်းကြတဲ့ အလေ့အထ ရှိ တယ်လို့ မှတ်သားရပါတယ်။

သမိုင်း စာအုပ်တွေကနေ ဖော်ပြထားတဲ့ ငွေဘီးလေးပိုင်ရှင် နော်ဘူဘော မင်းသမီးလေးရဲ့ ဇာတ်လမ်းလေးကို ဖတ်မိရင်း တကယ့်ကို လွမ်း ဆွတ်မိတာကလည်း ခဏခဏပါပဲ။ နော်ဘူဘော မင်းသမီးလေးကို တရားစီရင်တဲ့ နေရာတွေ၊ မြင် ရပြန်တော့ ကြေကွဲမိရပြန်တယ်။ ဒီတောင်ဟာ သစ္စာတရားကို တိုင်တည် ဆုတောင်းလို့ရှိရင် ပြည့်တဲ့အတွက် ဆုတောင်းတောင်လို့ ခေါ်ကြ တယ်လေ။

တောင်ပေါ်ကနေကြည့်ရတဲ့မြင်ကွင်း၊ ကိုယ့် အနောက်မှာ အကာအရံမရှိတဲ့ ချောက်ဟင်း လင်းပြင်၊ အေးချမ်းတဲ့လေနုအေးတွေ၊ တိမ်တွေနဲ့ အနီးဆုံးနေရာတစ်ခု၊ အေးချမ်းလှတဲ့နေရာ ဒီ နေရာဟာ နောင်တစ်ချိန်မှာ ခရီးသွားလုပ်ငန်း အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာမှာကတော့အသေအချာပါပဲ။
တောင်ထိပ်မှာတော့ သဘောၤဦးပိုင်း တစ်ခု ပုံသဏ္ဌာန်ကို တည်ဆောက်ထားတယ်။

တိုက်တန်းနစ် သဘောၤနဲ့ ပုံစံတူပါတယ်။ ဒီအပေါ်ကိုတက်ပြီး တိုင်တန်းနစ်ထဲကလို လက် ကိုမြှောက်ပြီး ဓာတ်ပုံရိုက်သူတွေက အများကြီး။ ဒဏ္ဍာရီတွေနဲ့ ထုံမွှမ်းနေတာကလည်း နော်ဘူ ဘော ဆုတောင်းတောင်။ တိမ်တွေနဲ့ အနီးဆုံး တည်ရှိနေပြီး တိမ်တွေနဲ့ ထိတွေ့ခံစားစေရတာက လည်း နော်ဘူဘော ဆုတောင်းတောင်။

တိမ်တွေအရပ်ဆီကို သွားလည်ဖို့ တိမ်တွေ အထက်မှာ နေချင်ရင် တစ်ခေါက်လောက်တော့ သွားလည်ပါလို့ ပြောပါရစေ။

Written by – နှင်းဆီသခင်

Advertisements
<

Leave a Reply