Advertisements

မော်လမြိုင် ဇန်နဝါရီ ၂၂

မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီး အရေးယူလျက်ရှိရာ ဝန်ထမ်းများက ဒဏ်ကြေးငွေကို တရားရုံးသို့ မဆောင်ခိုင်းဘဲ ပြင်ပတွင် တောင်းခံပါက တိုင်ကြားနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောကြားသည်။

လင်းယုန်စီမံချက်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်စဉ် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဖမ်းဆီးရမိတဲ့ ယာဉ်တွေနဲ့ ပတ်သက်လို့ ဝန်ထမ်းတွေက အပြင်မှာ ပိုက်ဆံဆောင်ခိုင်းရင် တိတိကျကျတိုင်ကြားပါ။ ဒီလိုဆိုရင် အကျင့်ပျက်တဲ့ ဝန်ထမ်းကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ထိရောက်စွာအရေးယူသွားမှာပါ”ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ဒဏ်ငွေပေးဆောင်ရာတွင် အချိန်ကြန့်ကြာမှု မရှိစေဘဲ၂၄ နာရီအတွင်း ပေးဆောင်နိုင်စေရန် သက်ဆိုင်ရာ ဥပဒေအဖွဲ့အစည်း၊ တရားရုံးများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် စည်းကမ်းပျက်ယာဉ်များကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်လှစ်ပြီး တရားရုံးသို့ တရားစွဲတင်ပို့ကာ ယင်းတရားရုံးတော်၌ပင် ဒဏ်ငွေပေးဆောင်ရခြင်းဖြစ်ပြီး ၎င်းဒဏ်ကြေးငွေများမှာ နိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ် ဝင်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက်နေ့က စတင်လိုက်သည့် ရက် ၁၀၀ လင်းယုန်စီမံချက် ၆ ရက်တာကာလအတွင်း ယာဉ် ၂၀၉ စီး၊ ဆိုင်ကယ် ၂၃၅၂ စီး၊ ဘေးတွဲဆိုင်ကယ် ၂၇ စီး၊ သုံးဘီးဆိုင်ကယ် ၂၈ စီး၊ ထော်လာဂျီ ၄ စီး၊ စုစုပေါင်း ၂၆၂၀ စီးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ခေတ်မင်း

 

Advertisements
<

Leave a Reply