Advertisements

ချောင်းဆုံ ဇန်နဝါရီ ၃၀

ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာတွင် ရှေးဟောင်းပြတိုက် တစ်ခု ဆောက်လုပ်ရန် ၂၀၁၃ ခုနှစ်ကတည်းက မြေနေရာ ပြင်ဆင်သတ်မှတ်ထားခဲ့သော်လည်း အဆောက်အဦမှာမူ ငါးနှစ်ကျော်ကြာသည့်တိုင် အကောင်အထည်မပေါ်သေးကြောင်း ဒေသခံတို့က ပြောသည်။

အိုးခွက် အပါအဝင် လူမှုအသုံးအဆောင်များ၊ ရှေးဟောင်းအနုပညာလက်ရာ အဟောင်းများ စသဖြင့် ရံဖန်ရံခါ တွေ့ရှိနေရခြင်းကြောင့် ရှေးမြို့ဟောင်း တစ်မြို့ပေါ်ပေါက်ထွန်းကားခဲ့ဖူးသည်ဟု ဒေသခံများက ယူဆသည်။ ယင်းအပြင် ကျုံး ၊ မြို့ရိုး ၊ ခံတပ် စသည်တို့ အထောက်အထားများလည်း တွေ့ရှိခဲ့ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောသည်။

Advertisements
data-language="en"

“စာပေယဉ်ကျေးမှုနဲ့ မြို့ဟောင်းပြတိုက်ဆောက်လုပ်ဖို့်အတွက် မြေနေရာသတ်မှတ်ထားတာတော့ကြာပါပြီ ။ တူးဖော်ရရှိတဲ့ပစ္စည်းတွေမပျောက်ပျက်အောင် ရှေးဟောင်းအနုပညာလက်ရာတွေကိုနောင်လာနောက်သား တွေတွေ့မြင်သိရှိလေ့လာနိုင်အောင်ပြတိုက်တစ်ခုသတ်သတ်မှတ်မှတ်ဆောက်လုပ်ထားရှိနိုင်ရင်တော့ပိုကောင်းတယ်”ဟု မြို့နယ် စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးမင်းသက်ဝေက မှတ်ချက်ပြုသည်။

ဒရယ်ကျေးရွာနှင့် ပတ်ဝန်းကျင်တွင်အဆောက်အဦ ဆောက်လုပ်ရန် မြေညှိ မြေတူး ပြုလုပ်ပါက ရှေးဟောင်း အိုးခွက်အသုံးအေဆောင်ပစ္စည်းများကို အလွယ်တကူတွေ့ရှိနေရကြောင်း၊ ယင်းပစ္စည်းများ ကိုပြည်တွင်းပြည်ပခရီး သွားဧည့်သည်များ၊ သုတေသီများ၊ စိတ်ပါဝင်စားသူများ လာရောက်လေ့လာနေကြောင်း၊ ဒေသခံ ဦးသန်းထိုက်က ဆိုသည်။

“ မြို့ဟောင်းတစ်ခုလို့ယူဆရတဲ့ကျုံး ၊ မြို့ရိုး ၊ ခံတပ်နေရာတွေကိုလည်းလာရောက်လေ့လာနေကြ တယ် / သုဝဏ္ဏဘူမိ နဲ့ မုတ္တမမြို့တွေနဲ့ခေတ်ပြိုင်ပေါ်ခဲ့တဲ့မြို့တစ်မြို့လို့လည်း ပညာရှင်တွေကသုံးသပ် ပြောဆိုခဲ့ တယ်”ဟု ၎င်းက ပြောသည်။

ဆက်လက် ထိန်းသိမ်းမထားနိုင်ပါက နောင်ကာလ မကြာမီ ပျောက်ကွယ်သွားနိုင်ခြေရှိကြောင်း ကျေးရွာခံ ဦးမျိုးမြင့်က ဝေဖန်သုံးသပ်သည်။

ယခင်အစိုးရလက်ထက်ကမွန်ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း) ဦးအုန်းမြင့်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဒရယ်ကျေးရွာသို့ လာရောက်လေ့လာခဲ့ရာ ရှေးဟောင်းအမွေအနှစ်များကို မပျောက်ပျက်အောင်ထိန်းသိမ်းသွားရန်မှာကြားခဲ့ကြောင်း၊ ယခုအစိုးရလက်ထက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ လာရောက်စဉ်တွင်လည်းမွန်သူရဲကောင်းလဂွန်းအိန်ဇာတိမြေဖြစ်သည်ဟုပြောကြားခဲ့ကြောင်းဒေသခံများက ပြန်ပြောပြသည်။

ယခုလဆန်းပိုင်းတွင်ပင်ကျေးရွာ၌နေအိမ်ဆောက်လုပ်ရန်မြေညှိခြင်းလုပ်ငန်းများဆောင်ရွက်စဉ်မြေအိုးများထပ်မံတွေ့ရှိရကြောင်း ဒရယ်ကျေးရွာခံ ဦးသန်းထိုက်က ထပ်လောင်းပြောဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply