ပုံစာ - မတ် ၃၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ထောက်ခံပွဲသို့ သွားရာလမ်းတွင် တွေ့ရသော မင်းထင်ကိုကိုကြီး (ဓာတ်ပုံ - မင်းထင်ကိုကိုကြီး Facebook)

By ဆွေဝင်း/Myanmar Now
1/04/2019

ရန်ကုန်တိုင်းစစ်ဌာနချုပ် အရာရှိတစ်ဦးက နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား အသရေဖျက်မှုနှင့် သက်ဆိုင်သော ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က ကာယကံရှင်ကို ယနေ့ အတည်ပြုလိုက်သည်။

၎င်းအမှုဖွင့်ခံရခြင်းနှင့်ပတ်သက်၍ ယနေ့တွင် ရန်ကုန်၊ အင်းစိန် ရဲစခန်းသို့ သွားရောက်စုံစမ်းခဲ့ရာ ဒုတိယဗိုလ်မှူးကြီးလင်းထွန်း ဆိုသူက မတ်လ ၂၉ ရက်နေ့တွင် လာရောက် အမှုဖွင့်သွားခြင်း ဖြစ်ကြောင်း၊ ဆက်သွယ်ရေးဆိုင်ရာ အသရေဖျက်မှုစွဲချက် တစ်ခုတည်းဖြင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း စခန်းမှူးက ပြောဆိုခဲ့သည်ဟု သိရသည်။

မည်သည့်အကြောင်းအရင်းကို မကျေနပ်၍ အမှုဖွင့်သည်ကို မေးမြန်းခဲ့သော်လည်း စခန်းမှူးက အသေးစိတ် မရှင်းပြကြောင်း၊ ၎င်းနေထိုင်ရာ အင်းစိန်မြို့နယ်နေအိမ်သို့ ပြန်ရောက်မှ စခန်းက အမှုနှင့်ပတ်သက်ပြီး မေးမြန်းရန် ဆင့်ခေါ်စာကို လာရောက် ပို့ဆောင်ခဲ့ကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူး ထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူလည်းဖြစ်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နေရာယူထားမှုနှင့် ပတ်သက်ပြီး ၎င်း၏ Facebook ပေါ်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်နေသူဖြစ်သည်။

“ကျွန်တော်ကတော့ တိုင်းပြည်အကျိုးစီးပွားအတွက် ဝေဖန်သင့်တာကို ပြတ်ပြတ်သားသား ဝေဖန်နေဦးမှာပဲ။ ဒီအမှုကိုလည်း ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမှာပါ” ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။

ဆင့်ခေါ်စာအရ ဧပြီ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် အင်းစိန်ရဲစခန်းသို့ သွားရောက် အစစ်ဆေးခံရမည် ဖြစ်သည်။
==
ပုံစာ – မတ် ၃၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ထောက်ခံပွဲသို့ သွားရာလမ်းတွင် တွေ့ရသော မင်းထင်ကိုကိုကြီး
(ဓာတ်ပုံ – မင်းထင်ကိုကိုကြီး Facebook)

Leave a Reply