Photo : Nay Aung

SEED for Myanmar တည်ထောင်သူ ဒေါက်တာ ဟိန်းပိုင်ထူးချစ်နှင့် ဆက်သွယ်မေးမြန်းခြင်း

Photo : Nay Aung

လာမယ့် အစိုးရသစ်အဖွဲ့မှာ တိုင်းရင်းသားတွေ ပါဝင်မှုအတွက် ပိုမိုမျှော်လင့်နိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင် က ဇန်နဝါရီ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားချက်နဲ့ ပတ်သက်လို့ တိုင်းရင်းသားနှင့် လူငယ် ဖွံ့ဖြိုးရေးကဏ္ဍလုပ်ငန်းများ လုပ်ဆောင်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ(အရွေးချယ်မခံခဲ့ရ) ဒေါက်တာ ဟိန်းပိုင်ထူးချစ်ကို ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

ဟင်္သာမီဒီယာ – အစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသားတွေ ပါဝင်ခြင်းဟာ အထူးတလည် ကိစ္စရပ်ဖြစ်တယ်လို့ ယူဆပါသလား။

ဒေါက်တာ ဟိန်းပိုင်ထူးချစ် – ကျွန်တော်တို့အရင်ကလည်း သမိုင်းကိုပြန်ကြည့်လို့ရှိရင် အစိုးရတွေဖြစ်ကြတဲ့အခါ ဒေသခံတွေကို ဒေသအစိုးရအနေနဲ့ ခန့်တဲ့ ကိစ္စမျိုးတွေ၊ ပြီးတော့ လူတွေကို ခေါ်သုံးပြတဲ့ ကိစ္စမျိုးတွေက အမြဲတမ်းရှိခဲ့တဲ့ ကိစ္စပဲဖြစ်တယ်။ ဒါကထူးဆန်းတာမျိုးတော့ မဟုတ်ပေမယ့် မေးခွန်းတွေတော့ ရှိတာပေါ့။

ဟင်္သာမီဒီယာ – ဟုတ်ကဲ့၊ ဘယ်လိုမေးခွန်းမျိုးဖြစ်မလဲ။

ဒေါက်တာ ဟိန်းပိုင်ထူးချစ် – ဒီတော့ ကျွန်တော်တို့က အစိုးရထဲမှာ တိုင်းရင်းသားတွေပါဝင်လာမယ်၊ ပိုများများ မျှော်လင့်ချက်ရှိနိုင်တယ်ဆိုရင် မေးခွန်းက တိုင်းရင်းသားတွေ လိုလားချက် ဘုံတူညီတဲ့ ကိစ္စတွေကို ကိုယ်စားပြုနိုင်တဲ့သူဖြစ်မလားဆိုတာပဲ။ ဒါက အရေးကြီးတယ်။ ဒီလိုမျိုး ကိုယ်စားပြုပြီး ပြောနိုင်သူဖြစ်ရင်တော့ ကောင်းတယ်။ ဘယ်တိုင်းရင်းသားကိုပဲ သုံးသည်ဖြစ်စေ ကျွန်တော်တို့ကလည်း ကြိုဆိုကြမှာပဲ။

ဟင်္သာမီဒီယာ – တကယ်လို့ ဒီလိုလူမျိုး မဟုတ်ခဲ့ဘူးဆိုရင် တိုင်းရင်းသားတွေ အစိုးရအဖွဲ့ထဲ ပါရင်လည်း မထူးဘူးလို့ မှတ်ချက်ပြုချင်တာလား။

ဒေါက်တာ ဟိန်းပိုင်ထူးချစ် – ဒီလိုမျိုးမဟုတ်ဘဲနဲ့ ပါတီကြီးတွေရဲ့ အစီအစဉ် (အာဂျင်တာ)ကို ကိုယ်စားပြုတဲ့ သူတွေဖြစ်တဲ့ လူစားမျိုးကိုပဲ ထည့်သွင်းသုံးစွဲမယ်ဆိုရင်တော့ ဒါဟာ တိုကင်နဇင် လို့ခေါ်တာပေါ့လေ တိုကင်ပေးတဲ့စနစ်ပဲပေါ့။ ဒါဆိုရင်တော့ ကျွန်တော်တို့က ပါဝင်တယ်၊ တိုင်းရင်းသားတွေကို ဦးစားပေးတယ်၊ ဒါမှမဟုတ်လည်း တိုင်းရင်းသားတွေကို တန်းတူထားပြီး အစိုးရအဖွဲ့ထဲမှာ ထည့်ထားတာမဟုတ်ဘူး။ ဒါသည် တိုင်းရင်းသားတွေကို တိုကင်ပေးထားတဲ့ သဘောပဲ။ တိုင်းရင်းသားတွေကို ဒီလိုမျိုးထည့်သွင်းအသုံးပြုတာက ဒီအစိုးရခေတ်မှ မဟုတ်ပါဘူး ခေတ်အဆက်ဆက် အစိုးရတွေလည်း ဒီလိုပဲ လုပ်ခဲ့တာပါပဲ။ ဒီလိုပြောလို့ ဒီလိုပါလာတာဟာ မကောင်းဘူးတော့ မဟုတ်ဘူး။ ပါတယ်ဆိုတာဟာ မပါတာထက်စာရင်တော့ ပိုကောင်းတာပေါ့။

ဟင်္သာမီဒီယာ – ဒါဆိုရင် ၂၀၂၀ ရွေးကောက်ပွဲကတစ်ဆင့် ဖွဲ့စည်းမယ့် အစိုးရကို ဘယ်လိုမျိုး အကြံပြုချင်လဲ။

ဒေါက်တာ ဟိန်းပိုင်ထူးချစ် – နိုင်ငံအတွက် တကယ်သွားရမယ့် ၊ သွားနေတဲ့ မူဝါဒပိုင်းဆိုင်ရာ ကိစ္စတွေကို ပေးပြီးတော့ လုပ်ဆောင်စေတာ၊ လွှဲအပ်ပေးလိုက်တာမျိုးတွေ၊ အဓိက သူတို့ထည့်သွင်းအသုံးပြုမယ့်သူဟာ အမှန်တကယ်ကို အဲ့ဒီနေရာအတွက်၊ အဲဒီဌာနအတွက် ကိုယ်စားပြုပြီး လုပ်ပေးနိုင်မယ့်သူဖြစ်ပြီးတော့ လုပ်ခွင့်ပေးတာမျိုးပိုဖြစ်သင့်တယ်။ ဒါဆိုရင် အမျိုးသားရင်ကြားစေ့ရေးပဲပြောပြော၊ ငြိမ်းချမ်းရေးပဲ ပြောပြော အများကြီး ပိုကောင်းလာနိုင်တယ်။

ဟင်္သာမီဒီယာ – အစိုးရအဖွဲ့မှာ ပါဝင်လာမယ့် သူတွေအပေါ် မျှော်လင့်ချက်ကရော ဘယ်လိုရှိလဲ။

ဒေါက်တာ ဟိန်းပိုင်ထူးချစ် – ဥပဒေကို သေချာလိုက်နာမယ်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေအတွက်လုပ်ပေးမယ်၊ လူတွေအားလုံးရဲ့ ပြဿနာတွေကို ကြည့်ပေးမယ်၊ ပဋိပက္ခတွေကို လျော့ချပြီးတော့ ငြိမ်းချမ်းရေးအထိ သွားနိုင်ရင် ကောင်းတယ်။

ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ – မော်လေး

ကိုယ်ရေးအချက်အလက်

ဒေါက်တာဟိန်းပိုင်ထူးချစ်သည် SEED for Myanmar ၏ တည်ထောင်သူဖြစ်ပြီး ၂၀၁၆ ခုနှစ် SEED Library မှစတင်ကာ ၂၀၁၇ SEED for Myanmar အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းအတူနှင့် ၂၀၂၀ ဇူလိုင်လအထိ အမှုဆောင် ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီမှ မော်လမြိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဂျာမနီနိုင်ငံ Konrad Adenauer School of Young Politicians (၂၀၁၈) နိုင်ငံရေးသင်တန်း ကျောင်းသားဟောင်းလည်း ဖြစ်သည့်အပြင် အရောက်ပေါက်နည်းသော အစွန်ဖျားဒေသများတွင် ဆေးကုခြင်းနှင့် အခြား ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ နှစ်ကုန်တွင် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင် လုပ်ကိုင်ခဲ့သည်။

အမေရိကန်သံအမတ်လူငယ်ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မွန်ငြိမ်းချမ်းရေးမီဒီယာရပ်ဝန်းတွင် ကော်မတီအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ National Enlightenment Institute ဒါရိုက်တာအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့စည်းများတွင် အလွတ်တန်းပညာရှင်အဖြစ်လည်းကောင်း သုတေသနများ၊ စီမံကိန်းများနှင့် ဟောပြောမှုများ ပြုလုပ်နေသူဖြစ်သည်။

 

Leave a Reply