Advertisements

မျိုးမြတ် (မြစ်မခ)

ပဲခူး၊ အောက်တိုဘာ ၂၀ ရက်။

ဒိန်းမတ်နိုင်ငံအခြေစိုက် Dan Bred International အဖွဲ့က ပဲခူးတိုင်းအတွင်း ပြည်ပဈေးကွက်ဝင် အဆင့်မြင့် ဝက်သားပေါက်များ မွေးမြူရေးနည်းပညာများ ဖြန့်ဖြူးပေးမည်ဖြစ်သဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မွေးမြူရေးဇုန် တစ်ခု အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါအဖွဲ့ကဖြန့်ဖြူးမည့် ဝက်သားပေါက်များကို နိုင်ငံ၏ ရာသီဥတုနှင့်ကိုက်ညီမှုမရှိ၊ မရှိစမ်းသပ်ပြီး မွေးမြူရေး ဇုန်မှတဆင့် ဒေသခံများထံ ဖြန့်ဖြူးနိုင်ရေး လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။

“အဓိကတော့ ဒိန်းမတ်ကုမ္ပဏီက သူတို့နိုင်ငံရဲ့ဝက်သားပေါက်တွေဖြန့်ဖြူးချင်တာပါ။ ဒါကို ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံရာသီဥတုနဲ့ ကိုက်ညီမှုရှိ၊ မရှိစမ်းသပ်ပြီးမှ မွေးမြူရေးဇုန်တစ်ခုတည်ဆောက်ပြီး ဒေသခံများ ထံကို ဖြန့်ဖြူးရေးဆောင်ရွက်မှာပါ။ လက်ရှိတော့ မွေးမြူရေးကုသရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ဒိုက်ဦးမွေးမြူ ရေးစခန်းမှာ ညှိနှိုင်းဖို့ စေလွှတ်လိုက်ပါတယ်”ဟု တိုင်းအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီး ဦးအောင်ဇော်နိုင်က ပြောသည်။

ဝက်သားပေါက်တင်သွင်းရေးနှင့် ပတ်သက်၍ Dan Bred International မှ Ms.Sussie Ketit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများသည် အောက်တိုဘာ ၁၉ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“အဆင့်မြင့်ဝက်မွေးမြူရေးလုပ်ငန်းက ဒေသခံပြည်သူများအတွက် အကျိုးရှိမယ့်လုပ်ငန်းတစ်ခုဖြစ်ပြီး ပြည်ပ ဈေးကွက်ရထားရင် ဒေသခံများအတွက် အဆင်ပြေမှာဖြစ်တယ်။ ပြည်တွင်းမှာလည်း ဝက်မွေးမြူရေးလုပ်ငန်းကို အဆောက်အဦးနဲ့ စနစ်တကျမွေးမြူဖို့ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချတဲ့နည်းပညာအပါအဝင် အသားထုတ်လုပ် မှုတွေကို အဆင့်မြင့်နည်းပညာတွေနဲ့ အသိပညာပေးတာတွေဆောင်ရွက်ဖို့လည်း လိုအပ်နေတယ်။”ဟု ဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောသည်။

Dan Bred International ကုမ္ပဏီသည် ဒိန်းမတ်နိုင်ငံ၏ အဓိကပို့ကုန် ဝက်သားထုတ်လုပ်ရောင်းချခြင်းကို (၉၀)ရာခိုင်နှုန်းတာဝန်ယူလုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆင့်မြင့် ဝက်မွေးမြူခြင်း၊ သားဖောက်ခြင်း၊ ဝက်သားထုတ်လုပ်ရောင်းချခြင်း၊ တင်ပို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဝက်မွေးမြူသူများအား မျိုးကောင်းမျိုးသန့်ဝက်သားပေါက်များ ဖြန့်ဖြူးပေးခြင်း၊ နည်းပညာဖြန့်ဖြူးပေး ခြင်းတို့အား စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply