ဒီမိုကရေစီကျင့်စဉ်နဲ့ပဲ စည်းလုံးညီညွှတ်ရေးကို ထိန်းသိမ်းသွားရမှာပေါ့

(မွန်ပါတီပေါင်းစည်းခြင်းရေချိန်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပေါင်းစည်းခွင့်တင်ထားပြီးဖြစ်သည့် မွန်ပါတီ၏ ရှေ့ရေး၊ ဘဏ္ဍာငွေကြေးကိစ္စများနှင့်စပ်လျဉ်း၍ နိုင်လယီတမ ( ပေါင်းစည်းထားသော ပါတီသစ်၊ မွန်ပါတီ၏ အတွင်းရေးမှူး) နှင့် တွေ့ဆုံမေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဟင်္သာမီဒီယာ။ ။ မွန်ပါတီပေါင်းစည်းရေး အခြေအနေ ဘယ်လိုရှိလဲ။

နိုင်လယီတမ။ ။ ပြည်ထောင်စု ကော်မရှင်ကိုတော့ ၂ဝရက်နေ့က ပေါင်းစည်းခွင့် တင်ထားပြီးပြီ။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကိုလည်း တစ်ကြိမ်လုပ်ခဲ့ပြီးပြီ။ နောက်ပြီးတော့ ၂၄ရက်၊ ၂၅ရက်မှာ ဗဟိုကော်မတီ အစည်းအဝေး မှာ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးဆုံးဖြတ်သွားကြဖို့ရှိပါတယ်။ မွန်ပါတီက ဖွဲ့စည်းပြီးပြီဆိုတော့ အရေးကြီးတဲ့ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွေ၊ နည်းဥပဒေတွေကို ဆွေးနွေးထားတာတွေ တင်ပြမယ်။ ဆုံးဖြတ်ကြမယ်။

ဟင်္သာမီဒီယာ။ ။ ဗဟိုကော်မတီအစည်းအဝေးကနေ ပါတီအတွက် အပြီးသတ်ဆုံးဖြတ်ချက်တွေ ရနိုင်လား။

နိုင်လယီတမ။ ။ ရမှာပါ၊ အဓိကက ကျွန်တော်တို့ မွန်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေကို ဆွေးနွေးပြီး အတည်ပြုမယ်၊ ဘဏ္ဍာရေးစည်းမျဉ်းတွေ ဆွေးနွေးမယ်။ ကျွန်တော်တို့ အောက်ခြေမြို့နယ်တွေမှာရှိတဲ့ ပါတီပေါင်းစည်းဖို့အတွက် ကွင်းဆင်းမယ့်ကိစ္စတွေ ဆွေးနွေးမယ်၊ ဆုံးဖြတ်ချက်တွေ ချကြမယ်။ ပါတီအတွက် အပြီးသတ်ဆုံးဖြတ်ချက်တွေလည်း ရရှိနိုင်ပါတယ်။

ဟင်္သာမီဒီယာ။ ။ ဆွေးနွေးမှုတွေ၊ အစည်းအဝေးတွေပြီးသွားရင် ပြည်သူလူထုကို ဘယ်လိုချပြဖို့ရှိလဲ။

နိုင်လယီတမ။ ။ လူထုသိအောင်တော့ ကျွန်တော်တို့ အခါအားလျော်စွာ ပြောပြမယ်။ မြို့နယ်အဆင့် ပါတီ ပေါင်းစည်းရေးတွေမှာ ကျွန်တော်တို့ ကွင်းဆင်းမယ်။ အဲလိုအချိန်တွေမှာ ကျွန်တော်တို့ ပြောပြမယ်။ နောက်ပြီး မီဒီယာတွေကနေတစ်ဆင့် အမြဲမပြတ် ပေါင်းစည်းရေးအခြေအနေတွေကို ကျွန်တော်တို့ တင်ပြခဲ့ပါတယ်။ ဆက်ပြီးလည်း တင်ပြမှာပါ။

ဟင်္သာမီဒီယာ။ ။ ပါတီရပ်တည်ဖို့အတွက် အဓိက ရန်ပုံငွေကို ဘယ်လိုဆောင်ရွက်ဖို့ရှိလဲ။

နိုင်လယီတမ။ ။ ရန်ပုံငွေကတော့ ပါတီတစ်ခုရပ်တည်ဖို့ကတော့ ပါတီဝင်တွေရဲ့ ထည့်ဝင်မှုပေါ်မှာပဲ ကျွန်တော်တို့ အဓိက ထားပြီး အကောင်အထည်ဖော်သွားဖို့ရှိပါတယ်။ ဒီ့အပြင် အခြားခြားသော မွန်မျိုးချစ်ပုဂ္ဂိုလ်တွေ၊ မွန်လုပ်ငန်းရှင်တွေဆီကလည်း အခါအားလျော်စွာ ကျွန်တော်တို့ အလှူခံတောင်းသင့်တဲ့ အခါကျရင်လည်း အလှူခံတောင်းသွားဖို့ရှိပါတယ်။ အဓိက ရေရှည်ရပ်တည်ရေးကတော့ ပါတီဝင်တွေရဲ့ ထည့်ဝင်မှုနဲ့ ရပ်တည်သွားဖို့တော့ ရှိပါတယ်။ အဲလို စဉ်းစားထားတာပေါ့နော်။

ဟင်္သာမီဒီယာ။ ။ ရခိုင်မှာဆိုရင်လည်း ပါတီတွေပေါင်းစည်းပြီးတော့ ပြန်ကွဲသွားတာမျိုးတွေ ရှိခဲ့တယ်ပေါ့။ ဆရာတို့ အနေနဲ့ အဲလိုမဖြစ်အောင် မွန်ပါတီကို ဘယ်လို မူဝါဒတွေ ချမှတ် ဆောင်ရွက်သွားဖို့ရှိလဲ။

နိုင်လယီတမ။ ။ ကျွန်တော်တို့ဆီမှာတော့ မူဝါဒအပိုင်းမှာ တစ်ပါတီရဲ့ အမြင်တွေ အရ ကွဲလွဲမှုတွေတော့ မရှိဘူးလေ။ ပါတီမူဝါဒနဲ့ ပတ်သက်ပြီးတော့ ပေါင်းစည်းရေးကို အနှောင့်အယှက်ဖြစ်စေလောက်တဲ့အထိ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့က ပေါင်းစည်းရေးဆွေးနွေးတဲ့ ကာလတုန်းက ကျွန်တော်တို့က ပေါင်းစည်းရေးကို အဓိကထားပြီး ဆွေးနွေးနိုင်ခဲ့လိုသာ ဒီအခြေအနေထိ ပေါင်းဖြစ်လာခဲ့တာဖြစ်တယ်လေ။ ရှေ့ဆက်ပြီးတော့လည်း ပေါင်းစည်းရေးနဲ့ ပါတီအတွင်း ညီညွှတ်ရေးကို အဓိက ထားပြီးတော့ ကျန်တဲ့ကိစ္စတွေကိုတော့ ကျွန်တော်တို့ ပါတီစည်းလုံးညီညွှတ်ရေးကို အထိအခိုက်မခံနိုင်ဘူးပေါ့လေ။ ဒါက ကျွန်တော်တို့ပါတီဝင်တွေရဲ့ ရှိရင်းစွဲ ခံယူချက်တွေ ရှိပြီးသားဖြစ်တဲ့အတွက် ပေါင်းစည်းရေးကို အနှောင့်အယှက် ဖြစ်စေမယ့် အကြောင်းတွေ၊ ကိစ္စရပ်တွေ မရှိလောက်ဘူးပေါ့။ သိုသော်လည်း ပါတီတစ်ခုမှာ လူအမျိုးမျိုး၊ အမြင်အမျိုးမျိုးနဲ့ ဖွဲ့ထားတဲ့ အခါကျတော့ သဘောထားတွေက တစ်ထပ်တည်းဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ သဘောထား ဘယ်လိုပဲ ကွဲလွဲပါစေ ကျွန်တော်တို့ အားလုံးက ပါတီအတွင်း ဒီမိုကရေစီဖြစ်စဉ်ကို စောင့်ထိန်း လိုက်နာရမယ့် တာဝန်ရှိပြီးဖြစ်တဲ့အတွက် ပါတီရဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ပဲ ကျွန်တော်တို့ စည်းလုံးညီညွှတ်ရေးကို ထိန်းသိမ်းသွားရမှာပေါ့။

ဟင်္သာမီဒီယာ။ ။ ပါတီမှတ်ပုံတင်တဲ့ အခြေအနေဘယ်ထိ ရောက်နေပြီလဲ။

နိုင်လယီတမ။ ။ ပြီးခဲ့တဲ့ ၂ဝရက်နေ့က ပေါင်းစည်းခွင့်ကို ကော်မရှင်ကိုတင်တယ်။ တင်လိုက်တဲ့အခါကျတော့ ပေါင်းစည်းခွင့်က ဘယ်နေ့ကျမလဲဆိုတာတော့ ကော်မရှင်နဲ့ ဆိုင်တာပေါ့။ တကယ်လို့ ပေါင်းစည်းခွင့် ကျလာပြီဆိုလို့ရှိရင် ပါတီမှတ်ပုံတင်ခွင့်ဆိုတာ တစ်ခါ တင်ရမယ်။ မှတ်ပုံတင်ခွင့်ကျလာမှ ပါတီသစ်က တရားဝင်ဖြစ်ပြီးတော့ ပါတီဟောင်းက အလိုလို ပျက်ပြယ်သွားမှာပေါ့။

ဟင်္သာမီဒီယာ။ ။ ပါတီအတွင်း အလုပ်အမှုဆောင်ပါဝင်မှုနဲ့ တာဝန်ခွဲဝေမှုကို ဘယ်လို ဆောင်ရွက်လဲ။

နိုင်လယီတမ။ ။ ပါတီဖွဲ့စည်းထားတာတော့ ၅ဝ၊ ၅ဝပါပဲ။ ပြင်ပအင်အားစုက ၂ဝ ပေါ့။ အောက်ခြေ ပါတီတွေပေါင်းရင်လည်း အဲလိုပဲ ညီညီမျှမျှ ပေါင်းစည်းသွားဖို့ရှိပါတယ်။ ပါတီရဲ့ ရုံးခန်းအတွက် လစ်လပ်နေတဲ့ တာဝန်တွေကို ပေးအပ်ဖို့အတွက် အားလုံးဆွေးနွေးဆုံးဖြတ်ကြပါတယ်။ သဘောတူညီမှုယူပါတယ်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.