Advertisements

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူရဲနောင်နှင့် တွေ့ဆုံခြင်း

သွေးလွန်တုပ်ကွေး ရောဂါသည် မြန်မာနိုင်ငံ၌ နှစ်စဉ် ဖြစ်ပွားနေသည့် ရောဂါ တစ်ခု ဖြစ် ပြီး မွန်ပြည်နယ်သည်လည်း ရောဂါ အဖြစ် များသော ပြည်နယ် တစ်ခုတွင် ပါဝင်နေသည်။ ထိ့ုကြောင့် ရောဂါ မဖြစ်ပွားရအောင် ပြုမှု နေထိုင်သင့်သော အလေ့အထများ၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ လုပ်ဆောင်ချက်၊ ကြိုတင်ပြင်ဆင်မှုများကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါပေါင်းစုံ ကုသနှိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်နှင့် တွေ့ဆုံ မေးမြန်းချက်များကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ကျန်းမာရေး ဦးစီးဌာနအနေနဲ့ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ထားတဲ့ အခြေအနေလေးတွေကို ပြောပြပေးပါဦး။

ဒေါက်တာ စည်သူရဲနောင်။ ။မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးက နှစ်တိုင်းကို အဖြစ်များနေတော့ မြို့နယ်တိုင်းကို စီမံချက်အနေနဲ့ ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးအဖွဲ့ဝင်တွေ၊ ကျန်းမာရေးမှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီးတော့ အဘိတ်ဆေးခတ်တာပေါ့။ မိုးရာသီရောက်တော့မယ်ဆို သင်္ကြန်ပြီးကတည်းက မြို့နယ်တိုင်းကို သတိပေးစာတွေ၊ အမိန့်စာတွေ ပို့ပေးရပါတယ်။ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့ကို လုပ်ဆောင်ရပါတယ်။ အဖြစ်များတဲ့ ရပ်ကွက်တွေကိုလည်း ပူးပေါင်းပြီးတော့ အဘိတ်ဆေးခတ်တာ၊ အိမ်တွေကို လိုက်လံစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

ဟင်္သာမီဒီယာ။ ။လက်ရှိမှာရော ပြည်နယ်ကျန်းမာရေးက ဘာတွေလုပ်ဆောင်နေလဲ။

ဒေါက်တာ စည်သူရဲနောင်။ ။သွေးလွန်တုပ်ကွေးလျော့ကျဖို့အတွက်နဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ပိုပြီးလုပ်ကိုင်နိုင်အောင် တိုင်ပင်ကြတယ်၊ ဆွေးနွေးကြတယ်။ နောက်ထပ်လည်း ကွင်းဆင်းစစ်ဆေးမယ်၊ အဘိတ်ဆေးလည်း ထပ်ခတ်ဖို့ ရှိပါတယ်။ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ အသိပညာပေး ဟောပြောပွဲတွေလည်း လုပ်နေပါတယ်။

ဟင်္သာမီဒီယာ။ ။ကျောင်းတွေလည်း ဖွင့်ပြီဆိုတော့ ကလေးတွေရဲ့ ကျောင်းကျန်းမာရေးအတွက် ဘယ်လိုလုပ်ဆောင်ထားလဲ။

ဒေါက်တာ စည်သူရဲနောင်။ ။သွေးလွန်တုပ်ကွေးက ၁၅ နှစ်အောက်ကလေးတွေ အဖြစ်များတယ်။ မွန်ပြည်နယ်မှာတော့ ၅နှစ်ကနေ ၉နှစ်အထိ ကလေးတွေ အများဆုံးဖြစ်ကြတယ်ဆိုတော့ မူလတန်းကျောင်းတွေကို အဓိကထား ပြီးတော့ အဘိတ်ဆေးခတ်တယ်။ ရေကန်၊ မြောင်းတွေကို စစ်ဆေးပေးတယ်။ ပိုးလောက်လန်းရှိနိုင်လောက်တဲ့ ရေတွေကို သွန်တယ်။ စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ နောက် ရပ်ကွက်ထဲမှာ ဖျားနာတာတွေ ရှိရင်လည်း ကျန်းမာရေးဌာနကို လာပြဖို့၊ သက်ဆိုင်ရာ သားဖွားဆရာမတွေဆီမှာလည်း ပြသလို့ရပါတယ်။ သွေးလွန်တုပ်ကွေးလို့ သံသယဖြစ်တာနဲ့ ကျွန်တော်တို့ကို ချက်ချင်းဆက်သွယ်ဖို့ ပြောထားပါတယ်။

ဟင်္သာမီဒီယာ။ ။အဘိတ်ဆေးကရော ပြည်နယ်အတွက် ဘယ်လောက်ရထားလဲ။

ဒေါက်တာ စည်သူရဲနောင်။ ။ပြည်နယ်အတွက် အဘိတ်ဆေးက ၁,ရဝဝ လောက်ရှိနေတယ်ဆိုတော့ ဒီနှစ်အတွက်ကတော့ လုံလောက်ပါတယ်။ လိုအပ်ရင်ခဲ့ရင်လည်း လိုအပ်သလို တင်ပြတောင်းခံသွားမှာပါ။

ဟင်္သာမီဒီယာ။ ။သွေးလွန်တုပ်ကွေးက ဘယ်လို ခြင် အမျိုးအစားကနေ ကူးစက်တာလဲ။

ဒေါက်တာ စည်သူရဲနောင်။ ။ရေကြည်၊ ရေသန့်တွေမှာပဲ ပေါက်ဖွားတဲ့ ခြင်ကြားပေါ့။ နေ့ခင်းဘက်မှာ ကိုက်လေ့ရှိပါတယ်။ အဲခြင်ကနေ သယ်ဆောင်လာတာပါ။ အိမ်ထဲမှာဖြစ်ဖြစ်၊ အိမ်ပြင်မှာဖြစ်ဖြစ် ရေတင်နေတဲ့ ခွက်တွေ၊ အိုးတွေကို မသွန်တော့ အဲဒီနေရာတွေမှာ ပေါက်ဖွားပါတယ်။ အဲကနေ ကူးစက်ရင် ပထမတစ်ရက်တော့ ဖျားတာပဲရှိမယ်။ သုံး ရက်မြောက်တဲ့နေ့မှာတော့ ရောဂါဆိုးလာရင် ကလေးက ရှော့ခ်ဝင်လာမယ်၊ သတိလစ်ချင်သလို၊ မှိန်းနေသလိုဖြစ်မယ်၊ ကော်ဖီရောင်ပေါ့ ပြောရရင် အညိုရောင်တွေ အန်မယ်၊ ဝမ်းမဲမဲတွေသွားမယ်၊ နှာခေါင်းတွေ၊ ပါးစပ်တွေကနေ သွေးတွေယိုလာမယ်။ အဲလိုဖြစ်နေရင်တော့ အစိုးရိမ်ရဆုံးအချိန်ပေါ့။ မြန်မြန်ဆေးရုံကို သွားနိုင်ဖို့လိုပါတယ်။ နောက်ကျပြီးမှ ရောက်လာရင်တော့ အသက်ဆုံးရှုံးနိုင်တာပေါ့။

ဟင်္သာမီဒီယာ။ ။သွေးလွန်တုပ်ကွေးမဖြစ်ပွားအောင် ပြည်သူတွေ ဘယ်လိုပုံစံနေထိုင်သင့်လဲ။

ဒေါက်တာ စည်သူရဲနောင်။ ။ကလေးတွေကို ခြင်ထောင််နဲ့ သိပ်ပါ။ ကလေးတွေမှိန်းနေတာတို့၊ ဖျားနေပြီဆိုရင် ချက်ချင်း ဆေးရုံ၊ ဆေးခန်းကိုပြပါ။ အချိန်မဆွဲပါနဲ့။ သွေးလွန်တုပ်ကွေးဖြစ်နေတယ်လို့ သံသယရှိတာနဲ့ ကျွန်တော်တို့ ကျန်းမာရေးဌာနကို ဆက်သွယ်ပါ။ အကြောင်းကြားပါ။ ရေခွက်တွေ၊ ရေအိုးတွေ၊ အိမ်အပြင်က အမှိုက်ပုံမှာ ရေတင်နေတာအစ သတိထာပြီး ရှင်းလင်းပါ၊ သွန်ပစ်ပါ။ အမှိုက်တွေကိုလည်း စနစ်တကျပစ်ပါ။ ရေတွေကို တစ်နေ့တစ်ခါမဟုတ်ရင်တောင် တစ်ပတ်တစ်ခါတော့ ပုံမှန်လဲဲပါ။ ကလေးတွေကို ခြင်ကိုက်မခံပါနဲ့။

ဟင်္သာမီဒီယာ။ ။ဒီနှစ်မှာရော သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက ဘယ်လိုအခြေအနေရှိနိုင်လဲ။

ဒေါက်တာ စည်သူရဲနောင်။ ။ကာလတူ နှိုင်းယှဉ်ထားတာပေါ့ မနှစ်ကဆိုရင် ဒီအချိန်မှာ ၄၅၉ ယောက် ဖြစ်နေပြီပေါ့။ ဒီနှစ် ဇွန်လ ၉ ရက်ထိ ၃၅ဝ ယောက်ပဲရှိတယ်။ တစ်ဦးသေဆုံးတာပေါ့။ သံဖြူဇရပ်က ကလေးကတော့ အသက်ဆုံးရှုံးသွားတာပေါ့။ အချိန်လွန်မှရောက်ခဲ့တယ်လေ။ ကလေးကို ကုသဖို့ မမီတော့ဘူးလေ။ ဆေးရုံကြီးမှာလည်း ဒီနှစ်နည်းတယ်။ မနှစ်က ဒီအချိန်ဆို ဆေးရုံကြီးမှာ ကလေးတွေပြည့်နေပြီ ခုတင်တွေတောင် ထပ်နေပြီလေ။ ဒေတာတွေအရလည်း ဖြစ်ပွားမှုက သိပ်များဘူးဆိုတော့လေ။ ဆရာတို့ ထင်တာတော့ နောက်တစ်လခွဲ၊ နှစ်လလောက်ဆို သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက လျော့ကျလာမှာပါ။

ဟင်္သာမီဒီယာ။ ။ဒီနှစ် မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးမြို့နယ်က ဘယ်မြို့နယ်လဲ။

ဒေါက်တာ စည်သူရဲနောင်။ ။ဒီနှစ်မှာတော့ ရေးမြို့နယ်မှာ ဖြစ်ပွားမှု အများဆုံးပဲ။ ရေး ပြီးရင် မုဒုံ၊ သံဖြူဇရပ်၊ မော်လမြိုင်ကတော့ စတုတ္ထပေါ့။

ဟင်္သာမီဒီယာ။ ။ရေးမြို့နယ်မှာက ဘာကြောင့် ဖြစ်ပွားမှုများရတာလဲ။

ဒေါက်တာ စည်သူရဲနောင်။ ။ရေးမြို့နယ်မှာက ဖေဖော်ဝါရီနှစ်စကတည်းက နည်းနည်းနဲ့ ဖြစ်ပွားမှုက တက်လာတာပါ။ အဲဒီအချိန်ကတည်းက လုပ်ဖို့က ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အားနည်းနေတယ်။ ကွင်းဆင်းပြီး စစ်ဆေးတဲ့အခါမှာ အိမ်တိုင်းကို ဝင်လိုက်ရင် ပလတ်စတစ်ခွက်တွေ၊ အိုးတွေမှာ ရေတွေဝင်နေတယ်။ နောက်ပြီး သူတို့မမြင်နိုင်တဲ့နေရာတွေမှာ ပိုးလောက်လန်းတွေကို တွေ့နေရတယ်။ လုပ်တော့လုပ်ကြတယ်၊ တကယ်လုပ်ရမယ့်နေရာတွေမှာ ကျန်နေတယ်။ ဆိုင်ကယ်လေးထိုးကျွတ်ဖာတဲ့ နေရာတွေမှာဆို တာယာတွေထဲမှာ ရေတွေဝင်တယ်။ ပြီးရင် ခြင်ပေါက်တာပေါ့။ တာယာတွေကို ရေမဝင်အောင် ဆိုင်ထဲ၊ အိမ်ထဲထည့်ဖို့ပြောပေမယ့် မလုပ်ကြဘူး။ ရေဝင်နေလည်း သွန်ပုံမရပါဘူး။ ခြင်တွေက ပိုပေါက်လာတာပေါ့။ လုပ်တော့ လုပ်ကြပါတယ်။ သေချာမလုပ်နိုင်ကြသေးတာ။ ပေါ့ပေါ့လေးပဲ ထင်နေတာပေါ့။

ဟင်္သာမီဒီယာ။ ။သွေးလွန်တုပ်ကွေးကို ကာကွယ်နိုင်ဖို့ ပြည်သူတွေကို ဘယ်လိုတိုက်တွန်းချင်လဲ။

ဒေါက်တာ စည်သူရဲနောင်။ ။အဓိကကတော့ ခြင်ကိုက်လို့ဖြစ်တာပေါ့။ ခြင်မဖြစ်ခင် ပိုးလောက်လန်းအရင်ဖြစ်တာပေါ့။ အဲတော့ ပျံနေတဲ့ ခြင်တစ်ကောင်ကို လိုက်ဖမ်းတာထက် ရေထဲမှ ရှိနေတဲ့ ပိုးလောက်လန်းတွေကို သွန်လိုက်တာက အများကြီးထိရောက်ပါတယ်။ ကာကွယ်ပြီးသားလည်း ဖြစ်တာပေါ့။ ရေတွေကို တစ်နေ့တစ်ခါ မသွန်၊ မလဲနိုင်ရင်တောင် တစ်ပတ်တစ်ခါလောက်တော့ လဲစေချင်တယ်။ အကျင့်တစ်ခုလို့ ဖြစ်စေချင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း လုပ်ဆောင်နေပေမယ့် ပြည်သူတွေကပါဝင်လာတော့ ပိုပြီး ကောင်းတာပေါ့။ ဆရာတို့ ကျန်းမာရေးဝန်ထမ်းတွေက တစ်ရပ်ကွက်မှာ တစ်ယောက်ပဲရှိတာလေ။

ရပ်ကွက်တစ်ခုမှာ အိမ်တွေက ရာချီ၊ ထောင်ချီရှိနေတော့ အားလုံးကိုတော့ မလုပ်ဆောင်နိုင်ဘူးလေ။ ကိုယ်အိမ်ကို သန့်ရှင်းအောင်၊ သတိ လေးထားပြီး လုပ်ဆောင်စေချင်ပါတယ်။ ကာကွယ်နိုင်ဖို့က အားလုံးမှာ တာဝန်ရှိတယ်။ ကျန်းမာရေးဝန်ထမ်း တွေအပြင် ပြည်သူတွေဆီမှာလည်း တာဝန်ရှိတယ်။ ပြည်သူတွေက သူတို့မှာ တာဝန်ရှိတယ်ဆိုတာ မေ့နေ တယ်။ ဒါကတော့ ကျန်းမာရေးဌာနက လုပ်လိမ့်မယ်ဆိုပြီးတော့ပေါ့။

ပြည်သူတွေဆီမှာလည်း တာဝန်ရှိတယ်ဆိုတာ များများပြောပေးဖို့ လိုလိမ့်မယ်။ သိတော့သိတယ်၊ လက်တွေ့ကျတော့ မလုပ်ကြဘူး။ အရေးကြီးတာတော့ ဒီရာသီမှာ ဖျားရင်တော့ နီးစပ်ရာဆေးခန်းတွေမှာ ပြမနေနဲ့ ဆေးရုံကို လာပြ၊ ကျန်းမာရေးဌာနတွေကို လာပြပါ။ နောက်ပြီးတော့ ကလေးတွေကို စပ်ဆေးတွေ မတိုက်ပါနဲ့။ စပ်ဆေးတွေက သွေးယို၊ သွေးစိမ့်တာတွေ ဖြစ်နိုင်တော့ ပိုဆိုးသွားနိုင်ပါတယ်။ ရွာတွေမှာက စပ်ဆေးတွေကိုပဲ သောက်နေကြတော့ ခက်တော့ခက်တာပေါ့။ ဆိုင်တွေမှာလည်း စပ်ဆေးတွေက ရောင်းနေကြတာဆိုတော့ ခက်တာပေါ့။ ဖျားနေတယ်ဆိုရင် ပါရာစီတမော့လောက်ပဲ သောက်ပါ။အခုက တစ်အိမ်မကျန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။

ဟင်္သာမီဒီယာ။ ။မိုးရာသီမှာ ဘယ်လိုရောဂါတွေ အဖြစ်များလဲ။

ဒေါက်တာ စည်သူရဲနောင်။ ။မိုးရာသီမှာ အဖြစ်များတာကတော့ သွေးလွန်တုပ်ကွေးပေါ့။ ပြီးတော့ ဝမ်းပျက်ဝမ်းလျော၊ ငှက်ဖျားနဲ့ ရိုးရိုးတုပ်ကွေးဖြစ်တတ်ပါတယ်။

ဟင်္သာမီဒီယာ။ ။မဖြစ်ပွားအောင် ဘယ်လိုနေထိုင်သင့်လဲ။

ဒေါက်တာ စည်သူရဲနောင်။ ။အိပ်တဲ့အခါ ခြင်ထောင်နဲ့ အိပ်ပါ။ နေမကောင်းဖြစ်တာ၊ ဖျားတာနဲ့ ချက်ချင်း ဆေးရုံ၊ ဆေးခန်းတွေကို လာပြပါ။ နေ့ခင်းဘက်မှာ ကိုက်တဲဲ့ခြင်က သွေးလွန်တုပ်ကွေးခြင်ပါ။ ညဘက်မှာ ကိုက်တဲ့ခြင်က ငှက်ဖျားပိုးပါတဲ့ခြင်ပါ။ အဲဒါကြောင့် အိပ်တဲ့အခါ ခြင်ထောင်နဲ့ အိ်ပ်ပါ။

ငှက်ဖျားဖြစ်တယ်လို့ သံသယရှိတာနဲ့ မြို့နယ်တိုင်းမှာ စေတနာဝန်ထမ်းတွေ မွေးပေးထားပါတယ်။စေတနာဝန်ထမ်းတွေဆီမှာ၊ ဆေးပေးခန်းက သားဖွားဆရာမတွေဆီမှာ သွေးစစ်နိုင်ပါတယ်။ ငှက်ဖျားပိုးရှိတယ်ဆိုရင်လည်း အခမဲ့ ဆေးကုသနိုင်ပါတယ်။သွေးလွန်တုပ်ကွေးရော၊ ငှက်ဖျားရောက ဗိုင်းရပ်စ်ပိုးဆိုတော့ ကိုယ်ခံအားကောင်းနေရင် မဖြစ်ပါဘူး။ အိပ်ရေးဝဝအိပ်ပါ။ မိုးရေထဲမသွားပါနဲ့။ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားပါ။

ဝမ်းပျက်ဝမ်းလျောကတော့ အစာမသန့်တာတို့၊ လက်မသန့်တာတို့ကနေဖြစ်တာဆိုတော့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေပဲ စားပါ။ လက်ကိုလည်း သန့်ရှင်းအောင်ထားပါ။ ဝမ်းနူးစေမယ့် အစားအစာတွေ မစားပါနဲ့။ နောက်ပြီးတော့ သောက်သုံးရေသန့်တာတွေပဲ သောက်သုံးပါ။ မိုးရာသီဖြစ်တဲ့အတွက် နွေးနွေးထွေးထွေးနေပါ။ ရိုးရိုးတုပ်ကွေးကတော့ ခဏပါပဲ။ သိပ်မစိုးရိမ်ရပါဘူး။

Written by ထိုက်ထိုက်၊ ဂေထော

Leave a Reply