Advertisements

မော်လမြိုင်၊ ဇူလိုင်

ပင်လယ် ဒီရေ အတက်အကျ၏ ရိုက်ခတ်မှုကို နှစ်စဉ်ခံနေရသော ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ဒီရေတာ ကျောက်သားတမံ တည်ဆောက်ရန် အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စိုက်ပျိုး၊ မွေးမြုရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ဇူလိုင်လ ၂၀ ရက်တွင် ပြောဆိုသည်။

အဆိုပါ ကျေးရွာကို ဒီရေတိုက်စားမှု ရန်မှ ကာကွယ်ရန် ကျောက်သား တမံမှာ ပေ ၁၃၀၀ ကျော် တည်ဆောက်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

“ဒေသခံတွေကလည်း ကျေးရွာကနေ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြလာတာရှိတယ် ကျွန်တော်အနေနဲ့လည်း အဲ့တာကို ကက်ဘိနက်မှာ တင်ပြဆွေးနွေးဖို့ရှိပါတယ်။ ပြည်နယ်ဘက်ဂျက်က ခေါင်းစဉ်တစ်ခုခုနဲ့ ခွင့်ပြုနိုင်တဲ့ အနေအထားလောက်ရှိနေတယ်ဆိုရင် အမြန်ဆုံး လုပ်ဆောင်ပေးသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

ဇူလိုင် ၁၃ ရက်ကလည်း အဆိုပါ ကျေးရွာရှိ ပင်လယ် ကမ်းစပ်နှင့် နီးသော နေအိမ် ၁၃ လုံးမှာ ပင်လယ်ရေ၏ ရိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးပြီး ပင်လယ်အတွင်း မျောပါခဲ့သည်။ သို့သော်လည်း လူအသေအပျောက် မရှိခဲ့ပေ။

ယင်းကျေးရွာ၏ ဒီရေတိုက်စားမှုများကို ကာကွယ်နိုင်ရေးအတွက် နှစ်စဉ် ယာယီကျောက်သားတမံများကို ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ဆောင်ပေးလျက်ရှိပြီး ဒေသခံများမှလည်း ကိုယ်ထူကိုယ်ထ ကျောက်သားတမံများပြုလုပ်ကာ ကာကွယ်လုပ်ဆောင်လျက်ရှိကြောင်း ဦးထွန်းဌေးက ပြောသည်။

လက်ရှိအချိန်တွင် ယခင်နှစ်က ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပင်မရေတားတမံကို ဆည်းမြောင်းမှ ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး အဆိုပါ ရေတားတမံ၏ နောက်ကျော ဘက်တွင်လည်း တာပိုးခြင်း လုပ်ငန်းများကို ပြည်နယ်ဘက်ဂျက်ဖြစ် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအပြင် ဒီရေတိုက်စားမှုများကို ကာကွယ်နိုင်ရေးအတွက် ကျောက်သားတမံများ ကာရန်ခြင်း သစ်တောနှင့် စိုက်ပျိုးရေးဌာနများမှ ဒီရေတော စိုက်ပျိုးခြင်းများကို လုပ်ဆောင်ထားသည့်အတွက် ရေရှည်တွင် ကောင်းမွန်လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply