မော်လမြိုင်၊ ဧပြီ

ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ဖာလိန်ဒေသခံများ စုပေါင်း မှတ်တမ်းတင်ထားသော ဒီရေတောပြန်လည် ထူထောင်ခြင်း အတွေ့အကြုံများ အစီရင်ခံစာ မိတ်ဆက်ပွဲကို ဧပြီ ၂၅ ရက်က အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံ မွန်လူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီအစီရင်ခံစာကို ထုတ်နိုင်ဖု့ိ ကျွန်တော်တို့ ၂ဝ၁၇ လောက် ကတည်းက အချိန်ယူပြီး မှတ်တမ်းတင်ထားခဲ့ရတာ၊ အခုဆို ဌာနဆိုင်ရာတွေရော၊ ပြည်သူတွေဆီပါရောက်အောင် ပို့နိုင်ပြီပေါ့”ဟု ၎င်းက ပြောသည်။

အံဒင်ဒေသမှ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက်သည့်အနေဖြင့် သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ် ပိုမိုကောင်းမွန်စေရန် ထိန်းသိမ်းခြင်းဖြစ်ပြီး ဒေသခံသံဃာတော်များ ဦးဆောင်မှုဖြင့် လူငယ်များ စုပေါင်းပြီး ဒီရေတောကို စတင်စိုက်ပျိုးကာ မှတ်တမ်းတင်စာအုပ်ထုတ်ဝေ ရခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဖာလိန်ဒေသ ဒီရေတောစာအုပ်ကို မြန်မာဘာသာဖြင့် အုပ်ရေ ၁,ဝဝဝ ကို ဧပြီ ၂၅ရက်မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် စာနယ်ဇင်းသမားများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

၂၀၁၄ ခုနှစ်က အဆိုပါ ဒေသတွင် တိုယို-ထိုင်း ကုမ္ပဏီမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို အကောင်အထည် ဖော်ရန် ကြိုးပမ်းခဲ့ပြီး၊ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် နောက်ဆုတ်သွားခဲ့သည်။

အံဒင်ကျေးရွာအုပ်စုအတွင်း ဒီရေတော ဧကပေါင်း ၁,ဝဝဝခန့်ရှိပြီး လက်ရှိ စိုက်ဧက ၁၉ဝဧကကို ဒေသခံများမှ စုပေါင်းစိုက်ပျိုး ပြုစုထားဆဲဖြစ်ကြောင်း ရေးမြို့နယ်၊ သစ်တောဦးစီးအရာရှိ ဦးစိုးဝင်းက ပြောကြားသည်။

“ဒေသခံတွေလည်း စုပေါင်းပြီး စိုက်ပျိုးပြုစုထားတာရှိတယ်၊ ကျွန်တော်တို့လက်ကလည်း တက်နိုင်သလောက် စိုက်ပျိုးထိန်းသိမ်းသွားမှာပါ၊ ဒီအစီရင်ခံစာတွေ လုပ်တာကောင်းပါတယ်၊ ဒေသခံတွေလည်း နားလည်လာကြပြီ”ဟု ၎င်းက ပြောသည်။

၂ဝ၁၈-၂ဝ၁၉ဘဏ္ဍနှစ်တွင် သစ်တောဦးစီးဌာနအနေဖြင့်လည်း ဒီရေတော စိုက်ခင်းဧက ၂ဝ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ဆက်လက်ပြောသည်။

Written by ထိုက်ထိုက်

Leave a Reply