Photo Credit – Mlm art exhibition

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၀ ။ ။ မော်လမြိုင်မြို့ရှိ အနုပညာရှင်များ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ် မော်လမြိုင် အနုပညာ ပွဲတော် ကို
ဧပြီလ ပထမပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ပွဲတော် ဖြစ်မြောက်ရေး ဦးဆောင်သူ
ပန်းချီ မင်းစံရှား(ခေါ်) ဦးမိုးဦး ကဟင်္သာ မီဒီယာသို့ ပြောကြားသည်။

“ဒီနှစ်မှာ အရင်နှစ်က ပြသထားတဲ့ အနုပညာအမျိုးအစားများကို ပြသမည့် အပြင် ဂီတနဲ့ မှတ်တမ်းရုပ်ရှင် တွေပါ ပါ၀င်ပြသဖို့ စီစဉ်ထားပါတယ်၊ ဂီတကိုကျတော့ ခေတ်အဆက်ဆက် က ကျော်ကြားခဲ့တဲ့ ဂီတ Notes တွေ ကို ချိတ်ဆွဲပြသထားပါမယ်၊ ပထမအကြိ်မ် လုပ်ခဲ့တဲ့ နေရာမှာပဲ လုပ်ခွင့်ရအောင် ကြိုးစားနေတယ်” ဟု ၎င်း ကထပ်မံ ပြောဆိုသည်။

Photo Credit – Mlm art exhibition
Photo Credit – Mlm art exhibition

ယခင်နှစ်က ကျင်းပသည့် ပထမအကြိမ် မော်လမြိုင်အနုပညာပွဲတော်တွင် ပန်းချီ၊ ပန်းပု၊ ဓါတ်ပုံ၊ ကဗျာ၊ ကာတွန်း၊ ဂရပ်ဖစ်ဒီဇိုင်း အနုပညာ (computer art) နှင့် 3D street art တို့ပါ၀င်ပြသခဲ့ပြီး ဂီတပညာရှင်များ ကလည်း ပါ၀င်အားဖြည့် ဖျော်ဖြေခဲ့ကြကြောင်း ၎င်းကပြောဆိုသည်။

ဒုတိယအကြိမ် ကျင်းပမည့် မော်လမြိုင်အနုပညာပွဲတော်တွင် မော်လမြိုင်မြို့မှ ကာတွန်းဆရာများ၏ ကာတွန်းများ အပြင် မျက်နှာသစ်ကာတွန်းဆရာများ၏ လက်ရာများကိုလည်း ပြသမည် ဖြစ်ကြောင်း ကာတွန်းဆရာ ATH မှ ပြောသည်။

ပထမအကြိမ်ကျင်းပခဲ့သော မော်လမြိုင်အနုပညာပွဲတော်တွင် အနုပညာမြတ်နိုးသူများက ပန်းချီကားများ၊ ပန်းပုရုပ်များ၊ ကဗျာများကို ၀ယ်ယူခဲ့ကြကြောင်း ဦးဆောင်သူများထံမှသိရသည်။

၂၀၁၅ခုနှစ် ပထမအကြိမ် မော်လမြိုင် အနုပညာပွဲတော် ကို မော်လမြိုင် ကမ်းနားလမ်း ရေပေါ်ညစျေး မြို့မ
ရဲစခန်း ရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

Leave a Reply