မော်လမြိုင်၊ ဧပြီ ၁

မွန်အမျိုးသားကိုယ်စားပြုပါတီ၏ ဖွဲ့စည်းအခြေခံစည်းမျဉ်းများကို အတည်ပြုချက်ရယူရန်အတွက် လာမည့် မေလ ပထမအပတ်တွင် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို ကျင်းပမည်ဖြစ်သည်။

“လာမယ့် မေလ ပထမအပတ်မှာ ဒုတိအကြိမ် မွန်နိုင်ငံရေးညီလာခံကို ကျင်းပသွားဖို့ စီစဉ်ထားတယ်”ဟု မတ်လ ၃၀ ရက်က အင်ဒင်ကျေးရွာတွင် ကျင်းပသည့် မွန်အမျိုးသားပါတီဖော်ဆောင်ရေးအဖွဲ့ လူထုရှင်း လင်းပွဲ၌ နိုင်တလညီက ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါပါတီ၏ ကြီးကြပ်ရေးအဖွဲ့နှင့် ဖော်ဆောင်ရေးအဖွဲ့တို့အနေဖြင့် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း မွန်သံဃာတော်များနှင့် မွန်ပြည်သူများ လျှောက်ထားနှိုးဆော်ပန်ကြားလွှာတွင် ဖော်ပြထားသည်။

ကြီးကြပ်ရေးအဖွဲ့နှင့် ဖော်ဆောင်ရေးအဖွဲ့တို့သည် ပါတီဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲရေးလုပ်ငန်းစဉ်တွင် ဒုတိယအကြိမ် မူကြမ်းကို ရေးဆွဲထားပြီးဖြစ်ကာ တတိယအကြိမ်မူကြမ်းကို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဖွဲ့စည်းပုံရေးဆွဲရေးကိစ္စကို အချိန်ကာလအားဖြင့် သုံးလဟူ၍ ညီလာခံမှ ချမှတ်ထားပြီး မွန်နိုင်ငံရေးပါတီများ ပါဝင်ရေးဆွဲနိုင်ရေးနှင့် ညီလာခံမှ ချမှတ်ထားသည့်အတိုင်း မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရာတွင် မွန်နိုင်ငံရေးပါတီများ ပါဝင်လာနိုင်ရန် သက်ဆိုင်ရာပါတီများကို စာပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

မွန်နိုင်ငံရေးနှစ်ပါတီပေါင်းစည်းပြီးမှသာလျှင် လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း လက်ရှိအချိန်တွင် မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)တို့ ပေါင်းစည်းရေးကို ဆွေးနွေးနေချိန်ဖြစ်သောကြောင့် မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီများနှင့် တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမက ပြောကြားသည်။

“ဒီနှစ်ပါတီပေါင်းစည်းရေးကိစ္စကို ပြီးဆုံးမှသာ လက်ခံတွေ့ဆုံရင် ပိုကောင်းလိမ့်မယ်။ နှစ်ပါတီပေါင်းစည်းရေးကလည်း မပြီးသေးတော့ လက်ရှိအချိန်မှာ မတွေ့ဆုံသင့်သေးဘူး”ဟု ၎င်းက ပြောသည်။

ထို့ပြင် မွန်နိုင်ငံရေးညီလာခံမှ ချမှတ်ထားသောဆုံးဖြတ်ချက်များအား မွန်တစ်မျိုးသားလုံးအပေါ် သက်ရောက်လာမည့် မည်သည့်အကျိုးသက်ရောက်မှုမဆို မွန်အမျိုးသားပါတီတွင် တာဝန်လုံးဝ မရှိကြောင်း ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံမတိုင်မီ ဇန်နဝါရီ ၇ ရက်နေ့က မွန်အမျိုးသားပါတီ ထုတ်ပြန်ခဲ့သည်။

မွန်အမျိုးသားကိုယ်စားပြုနိုင်ငံရေးပါတီ ဖော်ဆောင်ရန်အတွက် ပထမအကြိမ် မွန်နိုင်ငံရေး ညီလာခံမှ ဖွဲ့စည်းထားသည့် အဖွဲ့ဝင် (၂၁)ဦးပါဝင်သော ဖော်ဆောင်ရေးအဖွဲ့နှင့် အဖွဲ့ဝင် (၁၉)ဦးပါဝင်သော ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံကို မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ သာသနာ-၂၅၀၀ အဆောက်အဦတွင် ၂၀၁၈ ဇန်နဝါရီ ၁၃ နှင့် ၁၄ ရက်က ကျင်းပခဲ့သည်။

Written by ရွှေရိုး

 

Leave a Reply