မော်လမြိုင်၊ ဧပြီ ၂၆

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်၊ နံနက် ၁၀ နာရီတွင် ပထမနေ့အဖြစ် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ဒီတစ်ခါ လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းစုစုပေါင်း ၂၄ ခု၊ အဆို ၂ ခုတင်သွင်းမှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ယင်းအစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၉- ၂၀၂၀ ခုနှစ်၊ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်ကို တင်သွင်းမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်အနေဖြင့် ဆွေးနွေးအတည်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

“နောက်တစ်ခုက တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ပြောင်းလဲဖို့ရှိတယ်။ အဲဒါကတော့ သတင်းစာမှာကတော့ ထွက်လာပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတယ်။ ကျွန်မတို့ လွှတ်တော်ရုံးကိုတော့ မရောက်သေးဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။

ယခုကျင်းပမည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကျေးရွာကော်မတီများ သက်တမ်းတိုးခြင်း၊ လွှတ်တော်ရေးရာကော်မတီများက အစီရင်ခံစာ တင်သွင်းခြင်းများနှင့် ပြည်နယ်အစိုးရဘက်မှ စီမံကိန်းများ ဆောင်ရွက်ထားမှုများရှိပါက အခြေခံဥပဒေပုဒ်မ ၂၅၁ အရ လွှတ်တော်ကို တင်ပြရမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဒေါ်တင်အိက ပြောဆိုသည်။

ခေတ်မင်း

Leave a Reply