ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ

ပုဂံမင်းနန်းတက်ပြီး (၁)နှစ်ကျော်အကြာ ဇန်နဝါရီ ၁၈၄၈ တွင် ဘုရင်ခံချုပ်ဖြစ်လာသည်။ ဘုရင်ခံချုပ်ဖြစ်ပြီး (၁၀)လအကြာ ၁၀ အောက်တိုဘာ ၁၈၄၈ တွင် “ဆစ်” တို့အပေါ်စစ်ကြေညာ၍ ဒုတိယအင်္ဂလိပ်ဆစ်စစ်ပွဲ (Second Anglo-Sikh)ကို ဆင်နွဲသည်။ အင်္ဂလိပ်တို့က အနိုင်ရ၍ ၃၀ မတ်၁၈၄၉ တွင် စစ်ပြေငြိမ်းသည်။ဒါလဟိုဇီသည် “ဆစ်”တို့အပေါ်အောင်ပွဲရပြီးနောက်မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် လမ်းစရှာသည်။ ထိုစဉ်က ရန်ကုန်တွင် နှစ်နိုင်ငံအကြား စစ်မီးပွားစေရန် တို့မီးရှို့မီးလုပ်မည့်သူများအသင့်ရှိနေသည်။

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးချိန်တွင်ဥရောပတိုက်သားကုန်သည်နှင့် လုပ်ငန်းရှင်များ ရန်ကုန်သို့ လာရောက်နေထိုင်၍ စီးပွားရှာကြသည်။အင်္ဂလိပ်ကုန်သင်္ဘောများလည်းရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာခဲ့ကြသည်။

ဖေဖော်ဝါရီ၁၈၅၁တွင်ပေါ့တာ(Mr.H.Potter)ဆိုသူကရန်ကုန်မှမြန်မာအရာရှိများသည်မိမိ၏သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများကိုနှောင့်ယှက်သည်ဟူ၍လည်းကောင်းဇွန်၁၈၅၁တွင်မိုးနတ်(Monarch)သင်္ဘောပိုင်ရှင်ရှက်ပတ်(RobertSheppard)ကလည်းမြန်မာအရာရှိများသည်မိမိအားလူသတ်မှုဖြင့် စွဲချက်တင်၍ ဒဏ်ငွေပေးဆောင်စေသည်ဟူ၍လည်းကောင်း-စက်တင်ဘာ ၁၈၅၁ တွင်ချန်ပီယံ (Champion) သင်္ဘောကပ္ပတိန်လွစ် (Captain HaroldLewis) ကလည်း မြန်မာအရာရှိများသည်မိမိအားလူသတ်မှုကျူးလွန်းသည်ဟု စွပ်စွဲကာငွေညှစ်သည်ဟူ၍ လည်းကောင်း-တစ်ချိန်တည်းမှာပင် ရန်ကုန်ရှိ ဥရောပတိုက်သား ကုန်သည်များကလည်း မြန်မာအရာရှိများသည် မိမိတို့အား မတရားညှင်းပန်းနေသည့်ဒဏ်ကိုခံစားနေရပါသည်ဟူ၍ လည်းကောင်း- ဘုရင်ခံချုပ်ထံတိုင်ကြားစာများ ပေးပို့ကြသည်။ တို့မီးရှို့မီးလုပ်ကြသည်။ တိုင်ကြားချက်အဖုံဖုံကို ယုံကြည်လက်ခံသော ဒါလဟိုဇီသည် ဟံသာဝတီရန်ကုန်မြို့ဝန်နှင့်တွေ့ဆုံ၍ အရေးဆိုရန်ကွန်မိုဒိုလင်းဘတ် (Commod-ore Lambert) အား နိုဝင်ဘာ၁၈၅၁ တွင် ရန်ကုန်သို့ စေလွှတ်သည်။

လင်းဘတ်သည် အင်္ဂလိပ်တို့က မြန်မာနိုင်ငံအပေါ် ဂုဏ်သိက္ခာကင်းမဲ့ဆုံးဒုတိယကျူးကျော်စစ် ဖြစ်ပွားအောင် ဖန်တီးခဲ့သည့် တရားခံဖြစ်သည်။
နိုင်ငံကြီးသားမပီသသည့် လူရမ်းကားဖြစ်သည်။ဖက်ဆစ်နာဇီတို့၏ ရှေ့ဆောင်လမ်းပြဖြစ်သည်။ သံတမန်ကျင့်ဝတ်ကိုလုံးလုံးလျားလျားပစ်ပယ်သူဖြစ်သည်။ မြန်မာတို့၏ဆိပ်ကမ်းဥပဒေကို ချိုးဖောက်သူ ဖြစ်သည်။ ဟံသာဝတီ ရန်ကုန်မြို့ဝန်နှင့် ရေဝန်တို့ထံ ခွင့်မတောင်းဘဲ လင်းဘတ်သည် တိုက်သင်္ဘောတစ်စီးနှင့် လမ်းပြသင်္ဘောငယ်တစ်စီးတို့ဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ဇွတ်အတင်းဝင်ရောက်ခဲ့သည်။

လင်းဘတ်သည် ရန်ကုန်သို့ရောက်လျှင် ဘုရင်ခံချုပ်မှ မြန်မာဘုရင်ထံ စာတစ်စောင်နှင့် မိမိက ရန်ကုန်မြို့ဝန်ထံ ပေးပို့စာတစ်စောင်တို့ကိုရန်ကုန်မြို့ဝန်ထံအရာရှိငယ်တစ်ဦးစေလွှတ်၍ ပေးပို့သည်။

ဘုရင်ခံချုပ်၏ စာတွင် ရန်ကုန်မြို့ဝန်အား ရန်ကုန်မှဖယ်ရှားရန်နှင့် နစ်နာသော အင်္ဂလိပ်ကုန်သည်များ ကျေနပ်အောင်ဆောင်ရွက်ပေးရန်တို့ပါဝင်သည်။ လင်းဘတ်သည်ရန်ကုန်ရှိ အင်္ဂလိပ်လူမျိုး ‘’ဘားလစ်’’ ဆိုသူ၏ တိုက်အိမ်တံခါးပေါက်တွင် လုံးပတ်ရှစ်ထွာခန့်သံအမြောက်တစ်လက်ကို အသင့်ယမ်းထိုး၍ ဆင်ထားစေသည်။

မြန်မာဘုရင်သည် ဘုရင်ခံချုပ်၏ ပေးစာကို လိုက်လျောသည့် အနေဖြင့် ရန်ကုန်မြို့ဝန်‘’ဦးအုပ်’’ ကိုပြန်ခေါ်၍ ပြည်ရွှေတောင်မြို့ဝန် ‘’ဦးမှုံ’’ ကို
ရန်ကုန်မြို့ဝန်အဖြစ် ပြောင်းလဲခန့်ထားသည်။ မြို့ဝန်သစ် ဦးမှုံသည် ၄ ဇန်နဝါရီ ၁၈၅၂တွင် ရန်ကုန်မြို့သို့ ရောက်ရှိသည်။

မကြာမီမှာပင် လင်းဘတ်သည် အမေရိကန် သာသနာပြုဆရာကင်းကိတ် (Kincaid)နှင့်အရာရှိငယ် (၄)ဦးကို မြို့ဝန်ထံစေလွှတ်သည်။ ထိုအဖွဲ့သည် မြို့ဝန်အိမ်ဝင်းအတွင်းသို့ မြင်းစီးဝင်လာသောကြောင့် မြို့ဝန်၏ အမှုထမ်းတို့က မြင်းစီးမဝင်ရန်တားသည်။

ထိုနောက် မြို့ဝန်က ထိုအဖွဲ့ကိုရေဝန်စစ်ကဲတို့နှင့်တွေ့စေသည်။ ထိုအဖွဲ့က မပြောမဆိုပြန်သွားကြသည်။ လင်းဘတ်သည် မိမိစေလွှတ်လိုက်
သော အဖွဲ့ကို မြို့ဝန်ကလက်ခံစကားမပြောကြောင်းကြားသိရသောအခါ ယမ်းပုံမီးကျ ဒေါသထွက်လျက်ရမ်းကားလာသည်။

ရန်ကုန်ရှိ အင်္ဂလိပ်လူမျိုးတို့အား ရန်ကုန်မြစ်အတွင်းရှိ သင်္ဘောများပေါ်သို့ ပြောင်းရွှေ့လာရန် သတိပေးကြေညာသည်။
ရန်ကုန်မြစ်တွင်းဆိုက်ကပ်ထားသော မြန်မာဘုရင်၏ ‘’ရေနန်းယာဉ်သာ’’သင်္ဘောကိုလည်း တွဲထုတ်ယူဆောင်သွားသည်။ ‘’ဓနုတ်ကွင်း’’ ရှိ မြန်မာသစ်တပ်နှင့် အတုံ့အပြန် ပစ်ခတ်ကြရာမြန်မာသစ်တပ်ပျက်စီးသွားသည်။

လင်းဘတ်သည် ဤမျှနှင့် မကျေနပ်သေးဘဲ ၆ ဇန်နဝါရီ ၁၈၅၂ တွင် ရန်ကုန် ပုသိမ်မြစ်ဝများကို ပိတ်ဆို့ထား
လိုက်ပြီးဖြစ်ကြောင်း ကြေညာသည်။ထိုအတောအတွင်း လင်းဘတ်က ရန်ကုန်မြို့ဝန်ထံ စာပို့၍ ‘’ရေနန်းယာဉ်သာ’’ သင်္ဘောကြီးပြန်ရလိုပါက အောက်ပါတောင်းဆိုချက် (၃) ချက်ကို လိုက်လျောရမည်ဟု အရေးဆိုထားသည် –

၁။ အင်္ဂလိပ်အမျိုးသားလွစ်နှင့် ရှက်ပတ်တို့ထံမှဒဏ်ငွေအဖြစ်ယူဆောင်ထားသောဒင်္ဂါး(၉၀၀၀) ကျော်ကိုပြန်ပေးရန်၊

၂။ ရန်ကုန်မြို့ဝန်ထံ အင်္ဂလိပ်စစ်ဗိုလ်ငယ်များကို အတွေ့မခံသောကြောင့် အရှက်ရသည်များကို ကျေနပ်အောင်ပြုလုပ်ရန်၊

၃။ ရန္တပိုစာချုပ်အရစေလွှတ်သောအင်္ဂလိပ်သံကိုယ်စားလှယ်အား တော်သင့်သော အသရေနှင့် ကောင်းစွာ လက်ခံရန်-ဟူ၍ဖြစ်သည်။ ရန်ကုန်ဝန်ကြီးကဘုရင့်ထံတင်ပြသောအခါဘုရင်က တောင်းဆိုချက်အားလုံးကို လိုက်လျောရန်သဘောတူသည်။ မကြာမီမှာပင်လင်းဘတ်သည် ကာလကတ္တား သို့သွား၍ ဒါလဟိုဇီ၏ လမ်းညွှန်ချက်များကို ရယူခဲ့သည်။

မူလတောင်းဆိုချက်သုံးချက်ကိုမြန်မာတို့ကလိုက်လျောသောအခါ အင်္ဂလိပ်တို့သည် တစ်ဆင့်တိုး၍ ၁၈ ဖေဖော်ဝါရီ ၁၈၅၂ တွင် မြန်မာလွှတ်တော်သို့ အောက်ပါအချက် (၄) ချက်ပါဝင်သော ရာဇသံကို ဒါလဟိုဇီက ပေးပို့လာပြန်သည်။

၁။ ဟံသာဝတီ ရန်ကုန် ဝန်ကြီး၏ စော်ကားမှုအတွက် ဝန်ချတောင်းပန်ရန်၊

၂။ စစ်စရိတ် နှင့် အင်္ဂလိပ်အမျိုးသားတို့နစ်နာကြေးအဖြစ် မြန်မာတို့က ငွေဒင်္ဂါး (၁)သန်းပေးရန်၊

၃။ ရန္တပိုစာချုပ်အပိုဒ် (၇) အရအင်္ဂလိပ်ကိုယ်စားလှယ်(၁)ဦးကိုလက်ခံရန်နှင့်

၄။ ဟံသာဝတီ ရန်ကုန်ဝန်ကြီးကိုရာထူးမှနုတ်ပယ်ပေးရန်တို့ဖြစ်ကြသည်။ ၃၁ မတ် ၁၈၅၂ နေ့တွင် ကုန်ဆုံးမည့် ဤရာဇသံ၏ နိဂုံးတွင် ‘’ မြန်မာတို့အနေနှင့် ယခင်အတွေ့အကြုံကြောင့် သင်ခန်းစာမရရှိသေးဘဲ၊ အင်္ဂလိပ်တို့၏မယှဉ်သာသောလက်နက်အင်အားကို မေ့လျော့ကာ အင်္ဂလိပ်တို့က တရားမျှတစွာတောင်းဆိုလိုက်သည့် အချက်များကိုမြန်မာတို့ဘက်မှ အမြော်အမြင်နည်းပါးစွာငြင်းပယ်လိုက်မည်ဆိုပါက အင်္ဂလိပ် အစိုးရအဖို့ ချက်ချင်းစစ်ပြုမည့် အရေးမှလွဲ၍ အခြားနည်းလမ်းမရှိဟု ခြိမ်းခြောက်သံ ပါဝင်နေကြောင်းတွေ့ရသည်။

အင်္ဂလိပ်တို့၏ တောင်းဆိုချက်မှာ လိုက်လျောနိုင်ဖွယ် မရှိအောင်ဖြစ်သဖြင့် မြန်မာတို့က မည်သို့မျှ အကြောင်းမပြန်တော့ချေ။
မြန်မာတို့၏ အကြောင်းမပြန်မှုကို အင်္ဂလိပ်တို့သည် စစ်စတင်တိုက်ခိုက်ရန် အခွင့်ကောင်းတစ်ရပ်အဖြစ် သတ်မှတ်ပြီးနောက် ၁ ဧပြီ ၁၈၅၂
တွင် ရေတပ်ဗိုလ်ချုပ် အော်စတင် ( Rear-Admiral Austen) ဦးဆောင်သောရေတပ်နှင့် ၂ ဧပြီ ၁၈၅၂ တွင် ဗိုလ်ချုပ် ဂေါ်ဒွင် (Maj-General Godwin) ဦးဆောင်သော ကြည်းတပ်တို့ရန်ကုန်သို့ဆိုက်ရောက်
လာကြသည်။

စစ်အင်အားစုစုပေါင်းမှာ သင်္ဘော (၁၉) စီး၊ စစ်သည်(၈၄၈၉) ဦးနှင့် အမြောက်(၁၅၉) လက်တို့ဖြစ်ကြသည်။၄ ဧပြီ ၁၈၅၂ တွင် ဗိုလ်ချုပ်ဂေါ်ဒွင် မော်လမြိုင်သို့ရောက်လာပြီး မုတ္တမကို တိုက်ရန် စီစဉ်သည်။ ဂေါ်ဒွင်သည် အင်္ဂလိပ်မြန်မာပထမစစ်ပွဲကာလ ၂၉ အောက်တိုဘာ ၁၈၂၄ တွင် မုတ္တမကို ဦးဆောင်တိုက်ခိုက်ခဲ့သူဖြစ်၍ မုတ္တမ တိုက်ပွဲအတွေ့အကြုံရှိသည်။

ထိုစဉ်က ဂေါ်ဒွင်မှာဗိုလ်မှူးကြီးအဆင့်သာရှိသေးသည်။ ပေ (၅၀၀) မြင့်သော မုတ္တမတောင်ကုန်းထက်၌ စေတီကြီးတစ်ဆူရှိသည်။ စေတီတော်ရင်ပြင်ပတ်လည်ကို အုတ်တံတိုင်းကာရံထားသည်။ စေတီကြီးပတ်လည်တွင် ထူထပ်သောတောအုပ်ရှိသည်။ မြစ်ကမ်းစပ်မှ စေတီကြီးအထိစောင်းတန်းကြီးဆောက်လုပ်ထားသည်။ ဤစေတီကြီးပရိဝုဏ်ကား မြန်မာတို့၏ ခံတပ်ပေတည်း။

၅ ဧပြီ ၁၈၅၂ ဝေလီဝေလင်းတွင် သံလွင်မြစ်တွင်းမှ အင်္ဂလိပ်စစ်သင်္ဘောများက မုတ္တမခံတပ်ကို အမြောက်များဖြင့် အဆက်မပြတ် ပစ်ခတ်သည်။
မြန်မာခံတပ်အတွင်း ဖရိုဖရဲ ဖြစ်နေစဉ်နံနက် (၅) နာရီအချိန်တွင် ဒုတိယဗိုလ်မှူးကြီး ရိန်းနိုး (Reignolds) သည် တပ်ရင်း(၅)ရင်းမှ တပ်သား အင်အား (၁၄၀၀)ဖြင့် မြန်မာခံတပ်ကို တစ်ရှိန်ထိုးဝင်ရောက် တိုက်ခိုက်ရာနာရီ ပိုင်းအတွင်း မြန်မာတပ်များ အရေးနိမ့်ဆုတ်ခွာရပြီး မုတ္တမမြို့ အင်္ဂလိပ်တို့လက်အောက်ကျရောက်သွားသည်။ ဗိုလ်ချုပ်ဂေါ်ဒွင်သည် မုတ္တမမြို့ကို စောင့်ရှောက်ရန် တော်သင့်စွာစီမံပြီးနောက်၊ ရေကြောင်းခရီးဖြင့် ရန်ကုန်နှင့် ပုသိမ်မြို့များသို့ဆက်လက်ချီတက်သွားသည်။

မုတ္တမမြို့တွင် အင်္ဂလိပ်တပ်များအင်အားနည်းနေသည်ကို အခွင့်ကောင်းယူ၍ မုတ္တမမြို့ဝန် ‘’ဦးပွား’’ သည် ၂၀ မေ ၁၈၅၂ တွင် မုတ္တမ တောင်ပေါ်
ရှိ အင်္ဂလိပ် ကင်းတပ်ကို ဝင်ရောက် တိုက်ခိုက်သည်။

တစ်ချိန်တည်းမှာပင် မျိုးချစ်ခေါင်းဆောင် ‘’ဦးရွှေလုံး’’ ကလည်း တောင်အောက် ‘’စေတီဖြူ’’ အနီးမှ စစ်သည် (၁၀၀၀)ဖြင့်လည်းကောင်း၊ မနီးမဝေးမှစစ်သည်(၂၀၀၀)ဖြင့်လည်းကောင်း၊ အမြောက်သေနတ်များဖြင့် မုတ္တမမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်သည်။

မုတ္တမဘက်ကမ်းမှ အမြောက်သံသေနတ်သံများ ကြားရသောအခါ မော်လမြိုင်ရှိ အင်္ဂလိပ်တပ်များတုန်လှုပ် ချောက်ချားသွားသည်။ မုတ္တမဘက်သို့စစ်ကူများကို လှေများဖြင့် ပို့ပေးရသည်။

အင်္ဂလိပ်စစ်သင်္ဘောဖေရိုးစ် (Feroze) ကလည်းမြန်မာတပ်များကို အမြောက်များဖြင့် အဆက်မပြတ်ပစ်ခတ် သဖြင့် မြန်မာတပ်များ ဒုတိယအကြိမ် မုတ္တမမှဆုတ်ခွာပေးရသည်။

အင်္ဂလိပ်တို့၏ ကြည်းရေတပ်ပေါင်းစုသည် ၅ ဧပြီ၁၈၅၂ တွင် မုတ္တမကို လည်းကောင်း၊ ၁၄ မေ ၁၈၅၂ တွင် ရန်ကုန်ကိုလည်းကောင်း၊ ၁၉
မေ ၁၈၅၂ တွင် ပုသိမ်ကိုလည်းကောင်းတိုက်ခိုက်သိမ်းပိုက်သည်။

ဘုရင်ခံချုပ်ဒါလဟိုဇီသည် စစ်ပွဲအခြေအနေကို ကိုယ်တိုင်ကြည့်ရှု့စူးစမ်းလို၍လည်းကောင်း ရှေ့ဆက်၍မည်သို့မည်ပုံဆောင်ရွက်ရမည်ကိုအကြံယူရန်အတွက်လည်း
ကောင်း၊ ၂၇ ဇူလိုင် ၁၈၅၂ တွင်ရန်ကုန်မြို့သို့ရောက်လာသည်။

သက်ဆိုင်ရာစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ၁၅ အောက်တိုဘာ ၁၈၅၂ တွင် ပြည်မြို့အင်္ဂလိပ်တို့လက်
အောက်ကျရောက်သွားသည်။ ပဲခူးမြို့ကားမြန်မာတို့လက်အောက်တွင်ရှိနေဆဲဖြစ်သည်။ မြန်မာတို့ဘက်မှ အရေးနိမ့်နေချိန်ဖြစ်သည်။ တိုင်းပြည်ကျွန်ဘဝသို့ရောက်လုဆဲအချိန်ဖြစ်သည်။

ထိုအချိန်တွင် အမရပူရနေပြည်တော်၌ဘုရင်နှင့်ညီတော်များသည် တိုင်းပြည် အရေးထက် မိမိတို့အာဏာရရှိရေးကိုဦးစားပေးလှုပ်ရှားနေ
ကြသည်။ ပုဂံမင်းနှင့် အဖေစုံအမေကွဲညီတော်သူနှစ်ဦးဖြစ်သောမင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့အာဏာလုပွဲဆင်နွှဲနေကြသည်။

ပုန်ကန်နေသောမင်းတုန်း ကနောင်တပ်များအား ခုခံကာကွယ်ရန်အလို့ငှာ ပဲခူးစစ်မျက်နှာတွင် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်လျက်ရှိသော မြန်မာ
စစ်တပ်များသည် အမရပူရ နေပြည်တော်သို့ ပြန်လာဆုတ်ခွာကြရသည်။

ပုဂံမင်းမြင်းတပ်မှ မြင်းတပ်ဗိုလ်ညီအစ်ကိုရင်းနှစ်ဦးဖြစ်ကြသော‘’ဦးဖိုးကွန်’’နှင့် ‘’ဦးရွှေစည်’’ တို့သည် ဆုတ်ခွာရာတွင်လိုက်ပါမသွားဘဲဝေါမြို့နယ်’’ဘုရားပြိုရွာ’’ တွင် ဇာတ်မြှုပ်နေထိုင်ကြရင်းလယ်ယာလုပ်ကိုင်နေခဲ့ကြသည်။

(စကားချပ် ။ ဦးဖိုးကွန် နှင့်ဦးရွှေစည် ညီနောင်နှစ်ဦးတို့သည် နောင်အခါ ပဲခူးသူဌေးဦးစိန်ဝင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းတို့နှင့်မည်သို့ပတ်သက်လာကြောင်းကို သက်ဆိုင်ရာအခန်းတွင်ရေးသားဖော်ပြမည်ဖြစ်သည်။)

ပဲခူးမှမြန်မာတပ်များ ပြန်လည်ဆုတ်ခွာသွား၍ မကြာမီ ၁၄ ဒီဇင်ဘာ ၁၈၅၂ တွင်အင်္ဂလိပ်တပ်များက ပဲခူးမြို့ကိုလွယ်လင့်တကူ သိမ်းပိုက်နိုင်သည်။ ၂၀ ဒီဇင်ဘာ ၁၈၅၂တွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်းကြေညာချက်ထုတ်ပြန်သည်။

Leave a Reply