ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ

၁၈၅၂- ခုတွင် ဖြစ်ပွားသော ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲသည် မြန်မာနိုင်ငံကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေသည်။ စစ်ပွဲ၏ ဂယက်သည် တနင်္သာရီတိုင်းအပေါ်တွင်လည်း ရိုက်ခတ်ခဲ့သည်။
မူလတနသာၤရီတိုင်းနယ်နိမိတ်တွင် တောင်ဘက် “ကော့သောင်း” နှင့် “လေညာ” တို့မှ မြောက်ဘက်တွင် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်လမြိုင်နှင့် ဘီလူးကျွန်းတို့အထိ ပါဝင်သည်။ ထိုစဉ်က မုတ္တမနယ်ကား မြန်မာတို့လက်အောက်တွင် တည်ရှိနေဆဲဖြစ်သည်။ ၁၈၂၆-ခုတွင်

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးဆုံးချိန်မှ ၁၈၅၂-ခု ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားချိန်အထိ (၂၆) နှစ်တာ ကာလအတွင်း တနသာၤရီတိုင်း၌ ခရိုင်သုံးခုသာရှိသည်။ မြိတ်ခရိုင် ထားဝယ်ခရိုင်နှင့် ကျိုက္ခမီ ခရိုင်တို့ဖြစ်ကြသည်။
ဒုတိယစစ်ပွဲပြီးဆုံးချိန်တွင်ကား တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာ၊ မြို့နယ်၊ ခရိုင်တို့၏ နယ်နိမိတ်များ အတိုးအလျော့အပြောင်းအလဲများဖြစ်ပေါ်လာသည်။ နောက်ဆုံးတနသာၤရီတိုင်းတွင်ပင်လျှင် (၂) ပိုင်းကွဲသွားသည်ကိုတွေ့ရသည်။ ထို့ကြောင့်တနသာၤရီတိုင်းအပေါ် ဂယက်ရိုက်ခတ်စေသော ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်စဉ်ကို သမိုင်းကွင်းဆက်မပြတ်စေရန် အကျဉ်းမျှဖော်ပြရန်လိုသည်။

ပုဂံမင်း (၁၈၄၆-၁၈၅၃) လက်ထက် ၁၈၅၂-ခုတွင် ဒုတိယအင်္ဂလိပ်မြန်မာစစ်ဖြစ်ပွားသည်။ ပုဂံမင်းသည် မြန်မာ့သမိုင်းတွင် အညံ့ဖျင်းဆုံး အရည်ချင်းကင်းမဲ့ဆုံး မင်းတစ်ပါးဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးတိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိချေ။ ရွှေမြို့တော် အုပ်ချုပ်ရေးနှင့် နန်းတွင်းနန်းပြင် စီမံခန့်ခွဲရေးတို့ကို မျက်နှာလွှဲခဲပစ် ဘာသာခြားတစ်ဦးသို့ ဝကွက်အပ်ထားသည်။ ထို့ပြင်ပုဂံမင်းသည် မူးယစ်သောက်စားပျော်ပါးခြင်းကို မွေ့လျော်ပြီး နွားတိုက် ကြက်တိုက် လောင်ကစားခြင်းတို့ဖြင့်သာ အချိန်ကို အလဟဿ ဖြန်းတီးသူဖြစ်သည်။

မြို့ဝန်”ငပိုင်သတ်” နှင့် မြို့စာရေး”ငပိန်” တို့သည် ပုဂံမင်း၏ လူယုံတော်များဖြစ်ကြသည်။ ဘုရင်၏ အရေးပေးခြင်းခံရသော ငပိုင်သတ်သည် တိုင်းသူပြည်သားများကို မတရားအပြစ်ရှာ၍ ညှဉ်းပန်းနှိပ်စက်သည်။ သူတစ်ပါးသားပျိုသမီးပျိုများကို ဖျက်ဆီးသည်။ မုဒိမ်းမှု လူသတ်မှုများကို လွယ်လွယ်ပင် ကျူးလွန်သည်။ နောက်ဆုံးငပိုင်သတ်သည် မိဖုရားငယ်များနေသော မိန်းမဆောင်အတွင်းသို့အနောက်ဝန် အနောက်စာရေးတို့ကို ခွင့်မတောင်းဘဲ ဝင်ရောက်သော ပြစ်မှုကျူးလွန်သောအခါတွင်ကား ပုဂံမင်းသည် ငပိုင်သတ်နှင့် ငပိန်တို့အပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်းမရှိတော့ချေ။

ငပိုင်သတ်နှင့် ငပိန်တို့၏ ဘဝဇာတ်သိမ်းခန်းကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယအတွဲစာမျက်နှာ(၈၈-၈၉) တို့တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်။
“ပြည်သူပြည်သားတို့ကို ညှဉ်းပန်းနှိပ်စက်ကြေးငွေစားယူ ထောင်တွင်းသတ်ဖြတ် ပြုကျင့်ကြောင်းများကို အလုံးစုံသိတော်မူ၍ မြို့ဝန်ငပိုင်သတ်နှင့် လျှပ်ဖြတ်ဆိုးသွမ်းရာ ပါသူ မြို့စရေးငပိန်……တို့ကို လွှတ်တော်ကမေးမြန်းစေ၍ စာဆက်သွင်းချက်အတိုင်း ၁၂၁၃-ခု နတ်တော်လပြည့်ကျော် ၇ ရက်(၁၄ ဒီဇင်ဘာ ၁၈၅၁) နေ့ ကွပ်မျက်တော်မူ၏” ဟူ၍ ဖြစ်သည်။

ဂျိမ်းစ်ဂရေးသည် (James Gray) ပြုစုသော ” အလောင်းမင်းဘုရားမင်းဆက်မြန်မာရာဇဝင်” စာမျက်နှာ ၁၁၃-၁၁၄ တို့တွင် အထက်ဖော်ပြပါ မြို့ဝန်နှင့် မြို့စာရေးနှစ်ဦး၏ ဘဝနိဂုံးကို အောက်ပါအတိုင်း ရေးသားထားသည်ကိုတွေ့ရသည်။
“မင်းတိုင်ပင်ပညာရှိမှူးမတ်ကောင်းအရာနှင့် ထင်ရှားကျော်စောခဲ့ဖူးသော မြန်မာအမျိုးသားတို့ကိုပင် ပုဂံမင်းသည် သဒ္ဓါယုံမှတ်ခြင်းမရှိဘဲ မောင်ဗိုင်ဆတ်၊မောင်ဗိန်ဟု အများသိအပ်သော ကုလားပသီလူမျိုးနှစ်ဦးအား တိုင်းပြည်ရေးကိစ္စတို့ကို ကြည့်ရှုဆောင်ရွက်ရန် အပ်နှင်းလွဲှထားလေ၏ ၎င်းတို့သည် ဆင်းရဲသားကျွန်တော်မျိုးတို့ကို အလွန်နှိပ်စက် ဖျက်ဆီးသြတ်ဖတ် သိမ်းယူလေသဖြင့် တိုင်းပြည်အလုံးအုတ်အုတ်ကျက်ကျက်ဖြစ်လေရကား ပုဂံမင်းကိုပင် ပြည်သူသတ္တဝါတို့ မကြည်ညိုကြောင်းထင်ရှား၍ ၎င်းမင်းသည်လည်း ပြည်သူတို့ငြိုငြင်ခြင်းမှ လွတ်ကင်းလေအောင် ထိုကုလားပသီ(၂)ယောက်တို့ကို ပြည်သူပြည်သားတို့လက်သို့အပ်၍ (၃) ရက်ပတ်လုံး မမြင်ဝံ့လောက်သော ညှဉ်းဆဲခြင်းဖြင့် နှိပ်စက်ပြီးနောက် ကွပ်ညှပ်စေ အမိန့်တော်ထုတ်ပြန်လေ၏” ဟူ၍ ဖြစ်သည်။

ရာဇဝင်စာအုပ်များတွင် “ငပိန်” ဟူ၍ လည်းကောင်း “မောင်ဗိန်” ဟူ၍လည်းကောင်း အမျိုးမျိုးရေးသားဖော်ပြခြင်းခံရသော “ဦးပိန်” သည် အသေဆိုးဖြင့်သေခဲ့သူဖြစ်သည်။ ဦးပိန်သေခဲ့သည်မှာ ၁၈၅၁-ခုဖြစ်သဖြင့် ၂၀၁၆ခုတွင် (၁၆၅) နှစ်ရှိပြီးးဖြစ်သည်။ သို့သော် ဦးပိန်အမည်မှာ ထင်ပေါ်ကျော်ကြားဆဲဖြစ်သည်။ လူပင်သေသော်လည်း နာမည်မသေသည့်ဦးပိန်ပါတကား။

ဦးပိန်သည် မိမိမသတ်မခံရမီ လပိုင်းအလိုတွင် ရဟန်းရှင်လူ ပြည်သူအများ သက်သောင့်သက်သာဖြတ်သန်းသွားလာနိုင်ရန် တောင်သမန်အင်းကို ဖြတ်ကူးသော တံတားကို ကိုယ်တိုင်ကြပ်မတ်၍ ပြီးစီးအောင် ဆောက်လုပ်ခဲ့သည်။ ဤကောင်းမှုသည်ပင်လျှင် “ဦးပိန်” နာမည် မသေသည့် အကြောင်းအရင်းဖြစ်သည်။

ဦးပိန်သည် မင်းကျွမ်းဝင်သူဖြစ်သဖြင့် တောင်သမန်အင်းကိုဖြတ်၍ တံတားခင်းရန် ခွင့်ပြုချက်ကို ပုဂံမင်းထံမှ လွယ်လွယ်ကူကူရရှိခဲ့သည်။ တံတားဆောက်လုပ်ရာတွင် စစ်ကိုင်းနှင့်အင်းဝရှိ နန်းတော်အိမ်တော်များမှ သစ်သားဟောင်းများကို အသုံးပြုလိုကြောင်း လျှောက်တင်သောအခါ ပုဂံမင်းက နန်းတော်အိမ်တော်များမှ သစ်သားများသည် ကျေးတော်မျိုး ကျွန်တော်မျိုးများ အသုံးမပြုနိုင် သာသနိက အဆောက်အအုံပြုလုပ်ရန် မှာလည်း မှူးမတ်တို့ အသုံးပြုနေထိုင်ဖူးပြီးဖြစ်၍ မသုံးလိုသော အလဟဿ ဆွေးမြေ့မည့်အရေးကို မြင်သဖြင့် အများအတွက် တံတားဆောက်ရန် ခွင့်ပြုလိုက်သည်။ တံတားကိုဦးပိန်ကဦးစီးဆောက်လုပ်သဖြင့် “ဦးပိန်တံတား” ဟု အမည်တွင်သည်။ တောင်သမန်အင်းကို ဖြတ်ကူးထားသဖြင့်လည်း “တောင်သမန်တံတား” ဟုလည်း ခေါ်ကြသည်။တံတားဆောက်လုပ်ရသည့်ကာလသည် (၂) နှစ်ခန့်ကြာသည်။ ၁၈၄၉-ခုတွင် စတင်ဆောက်လုပ်၍ ၁၈၅၁ -ခုတွင် ပြီးစီးသည်။

တံတားကြီးဆောက်လုပ်ရာတွင် ရှေးခေတ်ဆောက်လုပ်ရေးပညာရှင်များသည် စကေးမှန်ချိန်စသည်တို့မပါဘဲ ခြေလှမ်းဖြင့်သာ တိုင်းတာကြသည်။ လှိုင်းဒဏ်လေဒဏ်ခံနိုင်ရန် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေ့ဝိုက်ကာ ကျင်တွယ်ချိုး သဏ္ဌာန်စီမံဆောက်လုပ်ကြသည်။တံတားတိုင်မြေဝင်သည် (၇)ပေ အနက်ရှိသည်။ မြေဝင်တိုင်အဖျားတွင် ယခုခေတ် ဒုံးပျံသဏ္ဌာန် ချွန်ထားသည်။မြေဝင်တိုင်ခြေဖျားကို အပေါက်ဖေါက်၍ ထူးနှစ်ချက်ခတ်ထားသည်။ ဝရန်တာနှစ်ဘက်ကာ၍ အခင်းကိုသုံးထပ်လွှာခင်းသည်။ မူလတံတားပြီးစက တိုင်ပေါင်း(၉၈၄) တိုင်ရှိသည်။

နောင်အခါ တံတားနှစ်ဖက်ထိပ်ရှိ အုတ်တံတားကိုဖြုတ်၍ အသားတံတားအစားထိုးဆောက်လုပ်သဖြင့် တံတားတိုင်များတိုးလာသည်။ ဇရပ်(၄)ဆောင်မှ တိုင်များကိုပေါင်း၍ ရေတွက်လျှင် တိုင်ပေါင်း(၁၀၈၆) တိုင်ဖြစ် သွားသည်။ နားနေရန်ဇရပ် (၄)ဆောင် ဆောက်လုပ်ထားသည်။ ဘုရင့်စစ်လှေကြီးများနှင့် “ပြည်ကြီးမွန်” စသော ဘုရင့်ဖောင်တော်ကြီးများ လွယ်ကူစွာဖြတ်သန်းသွားလာနိုင်ရန် “ဖောင်းကြောင်း” (၉) ခုထားသည်။ ထိုဖောင်းကြောင်းအခင်းတို့သည် လွယ်ကူစွာဖြုတ်နိုင် တင်နိုင်သည်။ အခန်းပေါင်း(၄၈၂) ခန်းရှိသည်။ အခန်းကြမ်းပြင် (၉)ချပ်ထပ်ခင်းသည်။ တံတားအရှည် (၃၉၆၇) ပေ တစ်နည်းအားဖြင့် 3/4ပိုင်းမိုင်ရှိသည်။

ဒုတိယကမ္ဘာစစ်ပြီးစနှစ်က တောင်သမန်အင်းရေ အလွန်ကြီးသဖြင့် တံတားကြီးရေမြုပ်သွားသည်။ တိုင်အချို့ပျက်စီးရာ တောင်သမန်ရွာမှ အမတ်ဦးဘသီက ဦးစီးပြင်ဆင်ခဲ့သည်။ ၁၉၇၃-ခုတွင် အဆမတန်ရေကြီးပြန်သဖြင့် တံတားကြီးရေမြုပ်ပျက်စီးရပြန်သည်။ အခန်းပေါင်း (၈၀)ကျော်ရေထဲ မျောပါသွားသည်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ နှင့်မြို့နယ်ကောင်စီတို့ဦးစီး၍ အများပြည်သူကောင်းမှုဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရသည်။

ဦးပိန်တံတားသည် ယနေ့ထက်တိုင် ထင်ပေါ်ကျော်ကြားဆဲ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ဆဲဖြစ်သည်။ ပုဂံမင်းနှင့်ခေတ်ပြိုင် အန္ဒိယဘုရင်ခံချုပ်မှာ လောဒ့်ဒါလဟိုဇီ (Lord Dalhousie) ဖြစ်သည်။ ဒါလဟိုဇီသည် ရှေ့သို့ပေါ်လစီ(ဝါ) နယ်ချဲ့ပေါ်လစီကိုလက်ကိုင်ထားသူဖြစ်သည်။ ပုဂံမင်းနန်းတက်ပြီး (၁) နှစ်ကျော်အကြာ ဇန်နဝါရီ ၁၈၄၈တွင် ဘုရင်ခံချုပ်ဖြစ်လာသည်။ ဘုရင်ခံချုပ်ဖြစ်ပြီး (၁၀)လအကြာ ၁၀ အောက်တိုဘာ ၁၈၄၈ တွင် “ဆစ်”တို့အပေါ်စစ်ကြေညာ၍-ဒုတိယအင်္ဂလိပ်ဆစ်စစ်ပွဲ(Second Anglo-Sikh)ကို ဆင်နွဲသည်။ အင်္ဂလိပ်တို့ကအနိုင်ရ၍ ၃၀ မတ် ၁၈၄၉ တွင် စစ်ပြေငြိမ်းသည်။

ဒါလဟိုဇီသည် “ဆစ်” တို့အပေါ် အောင်ပွဲရပြီးနောက် မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် လမ်းစရှာသည်။ ထိုစဉ်က ရန်ကုန်တွင် နှစ်နိုင်ငံအကြား စစ်မီးပွားစေရန် တို့မီးရှို့မီးလုပ်မည့်သူများအသင့်ရှိနေသည်။ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးချိန်တွင် ဥရောပတိုက်သားကုန်သည်နှင့် လုပ်ငန်းရှင် များ ရန်ကုန်သို့ လာရောက်နေထိုင်၍ စီးပွားရှာကြသည်။ အင်္ဂလိပ်ကုန်သင်္ဘောများလည်း ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၈၅၁ တွင် ပေါ့တာ (Mr.H.Potter) ဆိုသူက ရန်ကုန်မှမြန်မာအရာရှိများသည် မိမိ၏သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများကို နှောင့်ယှက်သည်ဟူ၍လည်းကောင်း-
ဇွန် ၁၈၅၁ တွင် မိုးနတ် (Monarch) သင်္ဘောပိုင်ရှင် ရှက်ပတ်(Robert Sheppard) ကလည်း မြန်မာအရာရှိများသည် မိမိအားလူသတ်မှုဖြင့် စွဲချက်တင်၍ ဒဏ်ငွေပေးဆောင်စေသည် ဟူ၍ လည်းကောင်း-
စက်တင်ဘာ ၁၈၅၁ တွင် ချန်ပီယံ (Champion) သင်္ဘော ကပ္ပတိန်လွစ် (Captain Harold Lewis) ကလည်း မြန်မာအရာရှိများသည်မိမိအားမိမိအားလူသတ်မှုကျူးလွန်းသည်ဟု စွပ်စွဲကာ ငွေညှစ်သည်ဟူ၍ လည်းကောင်း-
တစ်ချိန်တည်းမှာပင် ရန်ကုန်ရှိ ဥရောပတိုက်သား ကုန်သည်များကလည်း မြန်မာအရာရှိများသည် မိမိတို့အား မတရားညှင်းပန်းနေသည့် ဒဏ်ကို ခံစားနေရပါသည် ဟူ၍ လည်းကောင်း- ဘုရင်ခံချုပ်ထံတိုင်ကြားစာများ ပေးပို့ကြသည်။တို့မီးရှို့မီးလုပ်ကြသည်။
တိုင်ကြားချက်အဖုံဖုံကို ယုံကြည်လက်ခံသော ဒါလဟိုဇီသည် ဟံသာဝတီရန်ကုန်မြို့ဝန်နှင့်တွေ့ဆုံ၍ အရေးဆိုရန် ကွန်မိုဒိုလင်းဘတ် (Commodore Lambert) အား နိုဝင်ဘာ ၁၈၅၁ တွင် ရန်ကုန်သို့ စေလွှတ်သည်။
လင်းဘတ်သည် အင်္ဂလိပ်တို့က မြန်မာနိုင်ငံအပေါ် ဂုဏ်သိက္ခာကင်းမဲ့ဆုံး ဒုတိယကျူးကျော်စစ်ဖြစ်ပွားအောင် ဖန်တီးခဲ့သည့် တရားခံဖြစ်သည်။နိုင်ငံကြီးသားမပီသသည့် လူရမ်းကားဖြစ်သည်။ ဖက်ဆစ်နာဇီတို့၏ ရှေ့ဆောင်လမ်းပြဖြစ်သည်။သံတမန်ကျင့်ဝတ်ကို လုံးလုံးလျားလျားပစ်ပယ်သူဖြစ်သည်။ မြန်မာတို့၏ ဆိပ်ကမ်းဥပဒေကို ချိုးဖောက်သူဖြစ်သည်။ ဟံသာဝတီ ရန်ကုန်မြို့ဝန်နှင့် ရေဝန်တို့ထံ ခွင့်မတောင်းဘဲ လင်းဘတ်သည် တိုက်သင်္ဘောတစ်စီး နှင့် လမ်းပြသင်္ဘောငယ်တစ်စီးတို့ဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ဇွတ်အတင်းဝင်ရောက်ခဲ့သည်။

လင်းဘတ်သည် ရန်ကုန်သို့ရောက်လျှင် ဘုရင်ခံချုပ်မှ မြန်မာဘုရင်ထံ စာတစ်စောင်နှင့် မိမိက ရန်ကုန်မြို့ဝန်ထံ ပေးပို့စာတစ်စောင်တို့ကိုရန်ကုန်မြို့ဝန်ထံအရာရှိငယ်တစ်ဦးစေလွှတ်၍ ပေးပို့သည်။ ဘုရင်ခံချုပ်၏ စာတွင် ရန်ကုန်မြို့ဝန်အား ရန်ကုန်မှ ဖယ်ရှားရန်နှင့် နစ်နာသော အင်္ဂလိပ်ကုန် သည်များ ကျေနပ်အောင် ဆောင်ရွက်ပေးရန်တို့ပါဝင်သည်။ လင်းဘတ်သည် ရန်ကုန်ရှိ အင်္ဂလိပ်လူမျိုး ”ဘားလစ်” ဆိုသူ၏ တိုက်အိမ်တံခါးပေါက်တွင် လုံးပတ်ရှစ်ထွာခန့် သံအမြောက်တစ်လက်ကိုအသင့် ယမ်းထိုး၍ ဆင်ထားစေသည်။

မြန်မာဘုရင်သည် ဘုရင်ခံချုပ်၏ ပေးစာကို လိုက်လျောသည့် အနေဖြင့် ရန်ကုန်မြို့ဝန် ”ဦးအုပ်” ကိုပြန်ခေါ်၍ ပြည်ရွှေတောင်မြို့ဝန် ”ဦးမှုံ” ကို ရန်ကုန်မြို့ဝန်အဖြစ် ပြောင်းလဲခန့်ထားသည်။ မြို့ဝန်သစ် ဦးမှုံသည် ၄ ဇန်နဝါရီ ၁၈၅၂ တွင် ရန်ကုန်မြို့သို့ ရောက်ရှိသည်။ မကြာမီမှာပင် လင်းဘတ်သည် အမေရိကန် သာသနာပြု ဆရာကင်းကိတ် (Kincaid) နှင့် အရာရှိ ငယ်(၄)ဦးကိုမြို့ဝန်ထံစေလွှတ်သည်။ ထိုအဖွဲ့သည် မြို့ဝန်အိမ်ဝင်းအတွင်းသို့ မြင်းစီးဝင်လာသောကြောင့် မြို့ဝန်၏ အမှုထမ်းတို့က မြင်းစီးမဝင်ရန်တားသည်။ ထိုနောက် မြို့ဝန်က ထိုအဖွဲ့ကို ရေဝန်စစ်ကဲတို့နှင့်တွေ့စေသည်။ ထိုအဖွဲ့က မပြောမဆိုပြန်သွားကြသည်။ လင်းဘတ်သည် မိမိစေလွှတ်လိုက်သော အဖွဲ့ကို မြို့ဝန်ကလက်ခံစကားမပြောကြောင်းကြားသိရသောအခါ ယမ်းပုံမီးကျ ဒေါသထွက်လျက် ရမ်းကားလာသည်။ ရန်ကုန်ရှိ အင်္ဂလိပ်လူမျိုးတို့အား ရန်ကုန်မြစ်တွင်းရှိ သင်္ဘောများပေါ်သို့ ပြောင်းရွှေ့လာရန် သတိပေးကြေညာသည်။ ရန်ကုန်မြစ်တွင်း ဆိုက်ကပ်ထားသော မြန်မာဘုရင်၏ ”ရေနန်းယာဉ်သာ” သင်္ဘောကိုလည်း တွဲထုတ်ယူဆောင်သွားသည်။ ” ဓနုတ်ကွင်း” ရှိ မြန်မာသစ်တပ်နှင့် အတုံ့အပြန်ပစ်ခတ်ကြရာ မြန်မာသစ်တပ်ပျက်စီးသွားသည်။

လင်းဘတ်သည် ဤမျှနှင့် မကျေနပ်သေးဘဲ ၆ ဇန်နဝါရီ ၁၈၅၂ တွင် ရန်ကုန် ပုသိမ်မြစ်ဝများကို ပိတ်ဆို့ထားလိုက် ပြီးဖြစ်ကြောင်း ကြေညာသည်။
ထိုအတောအတွင်း လင်းဘတ်က ရန်ကုန်မြို့ဝန် ထံ စာပို့၍ ” ရေနန်းယာဉ်သာ” သင်္ဘောကြီးပြန်ရလိုပါက အောက်ပါတောင်းဆိုချက် (၃) ချက်ကို လိုက်လျောရမည် ဟု အရေးဆိုထားသည်။ ၁။ အင်္ဂလိပ်အမျိုးသားလွစ်နှင့် ရှက်ပတ်တို့ထံမှ ဒဏ်ငွေအဖြစ်ယူဆောင်ထားသော ဒင်္ဂါး (၉၀၀၀) ကျော်ကိုပြန်ပေးရန်၊ ၂။ ရန်ကုန်မြို့ဝန်ထံ အင်္ဂလိပ်စစ်ဗိုလ်ငယ်များကို အတွေ့မခံသောကြောင့် အရှက်ရသည်များကို ကျေနပ်အောင်ပြုလုပ်ရန်၊ ၃။ ရန ္တပိုစာချုပ်အရစေလွှတ်သော အင်္ဂလိပ်သံကိုယ်စားလှယ်အား တော်သင့်သော အသရေနှင့်ကောင်းစွာလက်ခံရန်-ဟူ၍ဖြစ်သည်။ ရန်ကုန်ဝန်ကြီးက ဘုရင့်ထံတင်ပြသောအခါ ဘုရင်ကတောင်းဆိုချက်အားလုံးကို လိုက်လျောရန်သဘောတူသည်။ မကြာမီမှာပင်လင်းဘတ်သည် ကာလကတ္တားသို့သွား၍ ဒါလဟိုဇီ၏ လမ်းညွှန်ချက်များကို ရယူခဲ့သည်။

မူလတောင်းဆိုချက်သုံးချက်ကို မြန်မာတို့ကလိုက်လျောသောအခါ အင်္ဂလိပ်တို့သည် တစ်ဆင့်တိုး၍ ၁၈ ဖေဖော်ဝါရီ ၁၈၅၂ တွင် မြန်မာလွှတ်တော်သို့ အောက်ပါအချက် (၄) ချက်ပါဝင်သော ရာဇသံကို ဒါလဟိုဇီက ပေးပို့လာပြန်သည်။ ၁။ ဟံသာဝတီ ရန်ကုန် ဝန်ကြီး၏ စော်ကားမှုအတွက် ဝန်ချတောင်းပန်ရန်၊ ၂။ စစ်စရိတ်နှင့် အင်္ဂလိပ်အမျိုးသားတို့နစ်နာကြေးအဖြစ် မြန်မာတို့က ငွေဒင်္ဂါး (၁)သန်းပေးရန်၊ ၃။ ရန ္တပိုစာချုပ်အပိုဒ် (၇) အရအင်္ဂလိပ်ကိုယ်စားလှယ် (၁)ဦးကိုလက်ခံရန်နှင့် ၄။ ဟံသာဝတီ ရန်ကုန်ဝန်ကြီးကိုရာထူးမှနုတ်ပယ်ပေးရန်တို့ဖြစ်ကြသည်။ ၃၁ မတ် ၁၈၅၂ နေ့တွင် ကုန်ဆုံးမည့် ဤရာဇသံ၏ နိဂုံးတွင် ” မြန်မာတို့အနေနှင့် ယခင်အတွေ့အကြုံကြောင့် သင်ခန်းစာမရရှိသေးဘဲ၊ အင်္ဂလိပ်တို့၏ မယှဉ်သာသော လက်နက်အင်အားကို မေ့လျော့ကာ အင်္ဂလိပ်တို့က တရားမျှတစွာတောင်းဆိုလိုက်သည့် အချက်များကို မြန်မာတို့ဘက်မှ အမြော်အမြင်နည်းပါးစွာ ငြင်းပယ်လိုက်မည်ဆိုပါက အင်္ဂလိပ်အစိုးရအဖို့ ချက်ချင်းစစ်ပြုမည့် အရေးမှလွဲ၍ အခြားနည်းလမ်းမရှိ ဟု ခြိမ်းခြောက်သံပါဝင်နေကြောင်းတွေ့ရသည်။ အင်္ဂလိပ်တို့၏ တောင်းဆိုချက်မှာ လိုက်လျော နိုင်ဖွယ်မရှိအောင်ဖြစ်သဖြင့် မြန်မာတို့က မည်သို့မျှ အကြောင်းမပြန်တော့ချေ။ မြန်မာတို့၏ အကြောင်းမပြန်မှုကို အင်္ဂလိပ်တို့သည် စစ်စတင်တိုက်ခိုက်ရန် အခွင့်ကောင်းတစ်ရပ်အဖြစ် သတ်မှတ်ပြီးနောက် ၁ ဧပြီ ၁၈၅၂ တွင် ရေတပ်ဗိုလ်ချုပ်အော်စတင် ( Rear-Admiral Austen) ဦးဆောင်သောရေတပ်နှင့် ၂ ဧပြီ ၁၈၅၂ တွင် ဗိုလ်ချုပ် ဂေါ်ဒွင် (Maj-General Godwin) ဦးဆောင်သော ကြည်းတပ်တို့ ရန်ကုန်သို့ဆိုက်ရောက်လာကြသည်။ စစ်အင်အားစုစုပေါင်းမှာ သင်္ဘော (၁၉) စီးစစ်သည် (၈၄၈၉) ဦးနှင့် အမြောက်(၁၅၉) လက်တို့ဖြစ်ကြသည်။

၄ ဧပြီ ၁၈၅၂ တွင် ဗိုလ်ချုပ်ဂေါ်ဒွင်မော်လမြိုင်သို့ရောက်လာပြီး မုတ္တမကို တိုက်ရန် စီစဉ်သည်။ ဂေါ်ဒွင်သည် အင်္ဂလိပ်မြန်မာပထမစစ်ပွဲကာလ ၂၉ အောက်တိုဘာ ၁၈၂၄ တွင် မုတ္တမကို ဦးဆောင်တိုက်ခိုက်ခဲ့သူဖြစ်၍ မုတ္တမ တိုက်ပွဲအတွေ့အကြုံရှိသည်။ ထိုစဉ်က ဂေါ်ဒွင်မှာ ဗိုလ်မှူးကြီးအဆင့်သာရှိသေးသည်။

ပေ(၅၀၀) မြင့်သော မုတ္တမတောင်ကုန်းထက်၌ စေတီကြီးတစ်ဆူရှိသည်။ စေတီတော်ရင်ပြင်ပတ်လည်ကို အုတ်တံတိုင်းကာရံထားသည်။ စေတီကြီးပတ်လည်တွင် ထူထပ်သော တောအုပ်ရှိသည်။ မြစ်ကမ်းစပ်မှ စေတီကြီးအထိစောင်းတန်းကြီးဆောက်လုပ်ထားသည်။ ဤစေတီကြီးပရိဝုဏ်ကား မြန်မာတို့၏ ခံတပ်ပေတည်း။

၅ ဧပြီ ၁၈၅၂ ဝေလီဝေလင်းတွင် သံလွင်မြစ်တွင်းမှ အင်္ဂ်လိပ်စစ်သင်္ဘောများက မုတ္တမခံတပ်ကို အမြောက်များဖြင့် အဆက်မပြတ် ပစ်ခတ်သည်။ မြန်မာခံတပ်အတွင်း ဖရိုဖရဲ ဖြစ်နေစဉ်နံနက် (၅) နာရီအချိန်တွင် ဒုတိယဗိုလ်မှူးကြီး ရိန်းနိုး (Reignolds) သည် တပ်ရင်း(၅)ရင်းမှ တပ်သားအင်အား (၁၄၀၀)ဖြင့်မြန်မာခံတပ်ကို တစ်ရှိန်ထိုးဝင်ရောက် တိုက်ခိုက်ရာနာရီ ပိုင်းအတွင်း မြန်မာတပ်များ အရေးနိမ့်ဆုတ်ခွာရပြီး မုတ္တမမြို့ အင်္ဂလိပ်တို့လက်အောက်ကျရောက်သွားသည်။

ဗိုလ်ချုပ်ဂေါ်ဒွင်သည် မုတ္တမမြို့ကို စောင့်ရှောက်ရန် တော်သင့်စွာစီမံပြီးနောက်၊ ရေကြောင်းခရီးဖြင့် ရန်ကုန်နှင့် ပုသိမ်မြို့များသို့ ဆက်လက်ချီတက်သွားသည်။ မုတ္တမမြို့တွင် အင်္ဂလိပ်တပ်များအင်အားနည်းနေသည်ကို အခွင့်ကောင်းယူ၍ မုတ္တမမြို့ဝန် ” ဦးပွား”သည် ၂၀ မေ ၁၈၅၂ တွင် မုတ္တမ တောင်ပေါ်ရှိ အင်္ဂလိပ် ကင်းတပ်ကို ဝင်ရောက် တိုက်ခိုက်သည်။ တစ်ချိန်တည်းမှာပင် မျိုးချစ်ခေါင်းဆောင် ” ဦးရွှေလုံး” ကလည်း တောင်အောက် ”စေတီဖြူ” အနီးမှ စစ်သည် (၁၀၀၀) ဖြင့်လည်းကောင်း၊ မနီးမဝေးမှ စစ်သည်(၂၀၀၀)ဖြင့်လည်းကောင်း၊ အမြောက်သေနတ်များဖြင့် မုတ္တမမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်သည်။ မုတ္တမဘက်ကမ်းမှ အမြောက်သံသေနတ်သံများကြားရသောအခါ မော်လမြိုင်ရှိ အင်္ဂလိပ်တပ်များတုန်လှုပ်ချောက်ချားသွားသည်။ မုတ္တမဘက်သို့စစ်ကူများကို လှေများဖြင့် ပို့ပေးရသည်။ အင်္ဂလိပ်စစ်သင်္ဘော ဖေရိုးစ် (Feroze) ကလည်းမြန်မာတပ်များကို အမြောက်များဖြင့် အဆက်မပြတ်ပစ်ခတ်သဖြင့် မြန်မာတပ်များ ဒုတိယအကြိမ် မုတ္တမမှဆုတ်ခွာပေးရသည်။

အင်္ဂလိပ်တို့၏ ကြည်းရေတပ်ပေါင်းစုသည် ၅ ဧပြီ ၁၈၅၂တွင် မုတ္တမကိုလည်းကောင်း။ ၁၄ မေ ၁၈၅၂ တွင် ရန်ကုန်ကိုလည်းကောင်း၊ ၁၉ မေ ၁၈၅၂ တွင် ပုသိမ်ကိုလည်းကောင်းတိုက်ခိုက်သိမ်းပိုက်သည်။
ဘုရင်ခံချုပ်ဒါလဟိုဇီသည် စစ်ပွဲအခြေအနေကို ကိုယ်တိုင်ကြည့်ရှု့စူးစမ်းလို၍လည်းကောင်း ရှေ့ဆက်၍မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကိုအကြံယူရန် အတွက်လည်းကောင်း၊ ၂၇ ဇူလိုင် ၁၈၅၂ တွင်ရန်ကုန်မြို့သို့ရောက်လာသည်။ သက်ဆိုင်ရာစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
၁၅ အောက်တိုဘာ ၁၈၅၂ တွင် ပြည်မြို့အင်္ဂလိပ်တို့လက်အောက်ကျရောက်သွားသည်။ ပဲခူးမြို့ကား မြန်မာတို့လက်အောက်တွင်ရှိနေဆဲဖြစ်သည်။ မြန်မာတို့ဘက်မှအရေးနိမ့်နေချိန်ဖြစ်သည်။ တိုင်းပြည်ကျွန်ဘဝသို့ရောက်လုဆဲအချိန်ဖြစ်သည်။ ထိုအချိန်တွင် အမရပူရနေပြည်တော်၌ဘုရင်နှင့်ညီတော်များသည် တိုင်းပြည် အရေးထက် မိမိတို့အာဏာရရှိရေးကို ဦးစားပေးလှုပ်ရှားနေကြသည်။ ပုဂံမင်းနှင့် အဖေစုံအမေကွဲညီတော်သူနှစ်ဦးဖြစ်သော မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ အာဏာလုပွဲဆင်နွှဲနေကြသည်။ ပုန်ကန်နေသောမင်းတုန်း ကနောင်တပ်များအား ခုခံကာကွယ်ရန်အလို့ငှာ ပဲခူးစစ်မျက်နှာတွင် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်လျက်ရှိသော မြန်မာစစ်တပ်များသည် အမရပူရနေပြည်တော်သို့ ပြန်လာဆုတ်ခွာကြရသည်။ ပုဂံမင်းမြင်းတပ်မှ မြင်းတပ်ဗိုလ်ညီအစ်ကိုရင်းနှစ်ဦးဖြစ်ကြသော ” ဦးဖိုးကွန်” နှင့် ” ဦးရွှေစည်” တို့သည်ဆုတ်ခွာရာတွင် လိုက်ပါမသွားဘဲ ဝေါမြို့နယ်”ဘုရားပြိုရွာ” တွင် ဇာတ်မြှုပ်နေထိုင်ကြရင်းလယ်ယာလုပ်ကိုင်နေခဲ့ကြသည်။

(စကားချပ်။ ဦးဖိုးကွန်နှင့် ဦးရွှေစည် ညီနောင်နှစ်ဦးတို့သည် နောင်အခါ ပဲခူးသူဌေးဦးစိန်ဝင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းတို့နှင့် မည်သို့ပတ်သက်လာကြောင်းကို သက်ဆိုင်ရာအခန်းတွင်ရေးသားဖော်ပြမည်ြ်ဖစ်သည်။)
ပဲခူးမှမြန်မာတပ်များ ပြန်လည်ဆုတ်ခွာသွား၍ မကြာမီ ၁၄ ဒီဇင်ဘာ ၁၈၅၂ တွင် အင်္ဂလိပ်တပ်များက ပဲခူးမြို့ကို လွယ်လင့်တကူ သိမ်းပိုက်နိုင်သည်။ ၂၀ ဒီဇင်ဘာ ၁၈၅၂ တွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်းကြေညာချက်ထုတ်ပြန်သည်။
ဒုတိယအင်္ဂလိပ်မြန်မာစစ်ကား ပြီးသွားလေပြီ။ ကိုယ်ထီးကိုယ့်နန်းကိုယ့်ကြဌန်းနှင့် အရှေ့ဘက်တစ်လွှားတွင် ပြိုင်ဘက်ကင်းတန်ခိုးထွားခဲ့သော ကုန်းဘောင်ခေတ်ပဒေသရာဇ် မြန်မာနိုင်ငံ၏ အဆုံးကား အစပြုခဲ့လေပြီ။ ပင်လယ်ဆိပ်ကမ်းများအားလုံးအသိမ်းခံရလေပြီ။ အင်္ဂလိပ်တို့ခွင့်ပြုမှသာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်တော့သည်။ ဘုရင့်နိုင်ငံတော်၏ ကျန်ရှိသော နှစ်များကား အင်္ဂလိပ်တို့ပြုမှနုရသော ဘဝပင်ဖြစ်တော့်သည်။

အံ့ကျော်

Leave a Reply