မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းပြီး ဒေသထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းအဆိုပါ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပြောကြားသည်။

ထွက်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်က ချမှတ်ထားသော အမျိုးသား ပို့ကုန် မဟာဗျူဟာ စီမံကိန်းမှာ ဦးစားပေး လုပ်ငန်းများအနေဖြင့် ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက်ပစ္စည်း၊ အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ ရော်ဘာလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့ကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒေသထွက်ကုန်တွေ ဒီထက်ပိုပြီး တိုးတက်လာအောင် ကျွန်တော်တို့ထဲမှာ ဂျပန်ကို တိုက်ရိုက်ပို့နေတဲ့ လုပ်ငန်းရှင် ပါပါတယ်၊ သူကိုယ်တိုင်လည်း ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ နည်းလမ်းတွေကို မျှဝေပြီးတော့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပေးမယ်လို့ သူပြောတယ်”ဟု အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ဆိုသည်။

စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းမှာ အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများ၊ စီးပွားရေး ပတ်ဝန်းကျင် ဆိုင်ရာ အခက်အခဲများ၊ ဈေးကွက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲများနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကျိုးသက်ရောက်မှုကိုလည်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဒုညွှန်ကြားရေးမှူး ဒေါ်ငယ်ငယ်လွင်က ရှင်းပြသည်။

ဒေသထွက်ကုန် ပစ္စည်းများကို ပို့ကုန်ဖွံ့ဖြိုး တိုးတက်မှုနှင့် ပို့ကုန်ယှဉ်ပြိုင်မှုတို့အတွက် နိုင်ငံတော်အဆင့်က ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ထွက်လာတဲ့ ကုန်ချောတွေက ကုန်သည်စက်မှု အသင်းချုပ်က ဒိုင်ခံပြီး ဝယ်ပေးမယ်။ မရှုံးအောင်လည်း စီမံခန့်ခွဲပေးမယ်။ ပိုးသတ်ဆေးမပါဘဲ အပင်တွေ ကောင်းလာအောင် နည်းပညာကိုလည်း လာရောက် ဖြန့်ဝေပေးမယ်”ဟု မွန်ပြည်နယ် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှရှိန်က ပြောသည်။

ယင်းနောက် ဒေသ၏ လိုအပ်ချက်များကို စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးသို့ တင်ပြလာပါက ယင်းတင်ပြချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍမှ လည်းကောင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပြောသည်။

မွန်ပြည်နယ်၏ အားသာချက်သည် တခြားဒေသမှ မထွက်ရှိသော ကျွဲကောသီး၊ မင်းကွတ်သီး စသဖြင့် သီးနှံများကို မွန်ပြည်နယ်၏ အဓိကထွက်ကုန်ဖြစ်နေကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မွန်ပြည်နယ် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၇ ရက်က မော်လမြိုင်မြို့ ကုန်စည်ဒိုင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Written by- ရောင်နီဝင်း

Leave a Reply