ခိုနူမ်းသုန်သတင်း၊ ၃ ဧပြီ ၂၀၁၉။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အနေဖြင့် ပလက်ဝမြို့နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နောင်တွင် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုံးဝမပြုလုပ်ရန် ခူမီးချင်းမျိူးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ (KACC) က တောင်းဆိုလိုက်သည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၉) မြို့အနက် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး မြို့နယ်တစ်ခုဖြစ်သဖြင့် လက်ရှိအစိုးရလက်ထက်တွင် ဒေသဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်ဖြစ်ပြီး (AA) အဖွဲ့၏ လုပ်ဆောင်ချက်များသည် ပလက်ဝမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသော ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးအတွက် မဖြစ်မနေလိုအပ်သည့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကိုပါ များစွာထိခိုက်နစ်နာစေသည်ဟု ဧပြီလ (၂) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော (KACC) ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

KACC ညှိနှိုင်းရေးမှူး ဦးစောမြက “အစိုးရဘက်ဂျက်ချလာတဲ့တစ်ချို့ စီမံကိန်းတွေကျွန်တော်တို့ရပ်ရတယ် ။ ဥပမာကားလမ်းဖောက်တာတို့ ၊ ကျောင်းဆောက်မယ့်ကိစ္စတို့ ၊သူတို့ AA တွေလုပ်ရှားသွားလာတဲ့နေရာတွေပေါ့နော် ၊ မသွားရဲတော့ဘူး၊ အဲဒါမျိုးတွေရှိတယ် ။ AA တွေက သူတို့တော်လှန်ရေးလုပ်တာ တော်လှန်ရေးလုပ်တာ တပိုင်းပေါ့နော် ၊ ဒါပေမဲ့ ဒေသအတွက် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို သူတို့က အနှောင့်အယှက် ပေးလာတယ်လေ၊ အဲဒါတွေကို မလုပ်ဖို့ ကျွန်တော်တို့ အသိပေးတာပဲ”ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ပလက်ဝမြို့တွင်တည်ဆောက်လျှက်ရှိသော ကုလားတန် မြစ်ကူးတံတားအတွက် အသုံးပြုမည့် သံပေါင်များအပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်လာသည့်ရေယာဉ်ကို မတ်လ ၁၆ ရက်နေ့က AA တပ်ဖွဲ့မှ မီးရှို့ဖျက်စီးခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ခန့်တန်ဖိုးရှိ ဆောက်လုပ်ရေးပစ္စည်းများ ဆုံးရှုံးခဲ့ပြီး ကုလားတန်တံတားတည်ဆောက်ရေးစီမံကိန်းကိုလည်း ယာယီရပ်ဆိုင်းထားခဲ့ရသည်။

ထို့အပြင် မတ်လ (၃၀) ရက်နေ့က ကုလားတန်ဘက်စုံပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော ချင်းပြည်နယ်ပလက်ဝမြို့မှ မီဇိုရမ်ပြည်နယ်၊ ဇိုရင့်ပွီးအထိ မော်တော်ကားလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်တွင် လမ်းဖောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ဗဏီဝန်ထမ်း (၈) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ လုပ်ငန်းသုံးမော်တော်ယာဉ်များအားလည်း AA တပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။

“ပလက်ဝမြို့မြစ်ကူးတံတားဆောက်ဖို့ သံဘောင်တွေတင်လာတဲ့ သင်္ဘောမီးရှို့တယ် ၊ အခုယာယီရပ်ဆိုင်းထားရတယ်။ နောက်ပြီးတော့ လောလောလတ်လတ် မနေ့တရက်ကပဲ အဲဒီအိန္ဒိ်ယကစီမံကိန်းတွေလုပ်တဲ့ ကားလမ်းဖောက်တဲ့ဝန်ထမ်းတွေကို သူတို့ဖမ်းတယ် ၊ နောက်ပြီးတော့ ကားတွေ မြေတူးဆက်တွေမီးရှို့တယ် ၊အဲဒါမျိုးကမကောင်းဘူး ။ ဒါက သူတို့ရဲ့တော်လှန်ရေးရည်မှန်းချက်လည်း မဟုတ်လောက်ဘူး ။ သူတို့ရဲ့ ရခိတလမ်းစဉ်လည်းမဟုတ်လောက်ဘူး ။ သူတို့လမ်းစဉ်မှာ အဲလိုမျိုး အကြမ်းဖက်ရမယ်လို့မပါလောက်ဘူးထင်တယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်တယ်ဆိုတာ လွတ်လပ်ရေးစရကတည်းက တစ်ချို့တစ်ချို့သောတိုင်းရင်းသားတွေက လက်နက်ကိုင်တော်လှန်ရေးကိုစလုပ်လာတာ ၊ဒါပေမဲ့သူတို့က သူတို့ ဘယ်အုပ်စုကိုတော်လှန်နေလဲ ၊သူတို့ရဲ့ပန်းတိုင်ကဘာလဲ ၊ရှင်းရှင်းလင်းလင်းရှိတယ်လေ ။ အဲလိုမျိုးအကြမ်းဖက်လုပ်ရပ်တွေ သိပ်လုပ်လေ့မရှိဘူးလို့ ထင်ပါတယ်၊ အခုဟာက ဒေသဖွံ့ဖြိုးရေးတွေ တအားထိခိုက်နစ်နာနေပြီ” ဟု ဦးစောမြကဆက်ပြောသည်။

ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်လက်နက်ကိုင် AA တို့သည် ၂၀၁၅ ခုနှစ် မတ်လ ၂၈ မှ စစ်ပွဲများစတင်ဖြစ်ပွားကာ ယနေ့ချိန်ထိတိုက်ခိုက်မှုများရှိခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများတိုးများလာခြင်းနှင့် အစိုးရလုပ်ငန်းများ နှောက်နှေးကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

By လားနွန်
==

Leave a Reply