ချောင်းဆုံ နိုဝင်ဘာ

ချောင်းဆုံမြို့နယ် ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် ( UNDP )က ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လာမည့် ၂၀၁၉  နှစ်ဆန်းပိုင်းတွင် စတင် ရေးဆွဲ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

“၂၀၁၈-၁၉ ဘတ်ဂျက်နှစ်မှာ ၂၀၁၄သန်းခေါင်စာရင်းက လူဦးရေအလိုက်ပံ့ပိုးရန်ရှိတဲ့အတွက် ချောင်းဆုံမြို့နယ်ကို ကျပ်သိန်းပေါင်း ၁၉၀၀ ကျော်ပံ့ပိုးသွားဖို့ရှိတယ်။ လမ်း ၊တံတား ၊ ကျန်းမာရေးအဆောက်အဦ၊ ပညာရေး ကဏ္ဍတွေကို ကူညီဆောင်ရွက်သွားဖို့ရှိတယ်”ဟု UNDP မှ မြို့နယ်အဆင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ အရာရှိ ဦးကျော်စွာလွင်က ဆိုသည်။

စီမံကိန်းလုပ်ငန်းစဉ်ကို ချမှတ်ရေးဆွဲရာတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းတို့ ပါဝင်မည်ဖြစ်ပြီး ဇန်နဝါရီလတွင် လုပ်ငန်းခွင်အကြို ဆွေးနွေးပွဲများ စတင်မည်ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲများမှတစ်ဆင့် မြို့နယ်တွင် ဆောင်ရွက်ရန် လုပ်ငန်းလိုအပ်ချက်များ သိရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောသည်။

စီမံကိန်း လျာထားငွေအပေါ် ကဏ္ဍအလိုက် ခွဲဝေသုံးစွဲမည့်အစီအစဉ်နှင့်ပတ်သက်၍ “ဆွေးနွေးပွဲကနေမှ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ ပေါ်ထွက်လာမယ်။ အထူးသဖြင့်တော့ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား ပြည်သူတွေကိုအမှန်တကယ်အကျိုးရှိစေမဲ့လုပ်ငန်းတွေကိုဘဲ လုပ်ဖြစ်မှာပါ။ ဘယ်ကဏ္ဍ ဘယ်လောက်ရယ်လို့ သတ်မှတ်ချက်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ယခုအခါ ချောင်းဆုံမြို့နယ်တွင် လူထုစီမံကိန်းလုပ်ငန်းများ လေးနှစ်ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ UNDP အနေဖြင့် ဌာနဆိုင်ရာနှင့် တိုက်ဆိုင်သည့် လုပ်ငန်းလုပ်ကွက်များကို ဆောင်ရွက်ရန်မရှိ၍ ရပ်ကျိုးရွာကျိုးအတွက် အမှန်တကယ် အကျိုးပြုမည့် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဟု ယူဆကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က မှတ်ချက်ပြုသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက မိတ်ဆက်ဆွေးနွေးမှု အခမ်းအနားကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၆ ခုမှ ရပ်ကွက် ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။

လွတ်လပ်မောင်(ယက္ခမြေ)

 

Leave a Reply