ထားဝယ်၊ ဇူလိုင် ၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံရသောတနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် က အမှုအတောအတွင်း အချုပ်လွှတ်ထုချေခွင့်ပြုရန် ဒုတိယအကြိမ် အာမခံလျှောက် ထားမှုကို ဇူလိုင်လ ၁ရက်နေ့ရုံးချိန်းတွင်တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်က ပယ်ချလိုက်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

ဒေါက်တာလဲ့လဲ့မော်သည် အမျိုးသမီးဖြစ်သည့်အပြင် ကင်ဆာရောဂါဝေသနာခံစားသူ ဆေးသွင်းကုသနေရ သည့် မကျန်းမမာသူတစ်ဦးဖြစ်သည်ဟု အကြောင်းပြချက်အဓိကထား၍ ဆေးကုသမှုမှတ်တမ်းများနှင့်အတူ ဧပြီလ(၄)နေ့က အာမခံလျောက်ရာ ဧပြီလ၂၂ရက်နေ့က ပယ်ခံရပီးနောက် အကျဉ်းထောင်တွင် ချော်လဲ၍ ယခင်အရိုးကျိုးဒဏ်ရာမှ နာကြင်မှုဖြစ်ပွားခဲ့သည်ဟုဆိုကာ ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းများနှင့် အတူ ဒုတိယအကြိမ် အာမခံလျောက်ရာ ထပ်မံပယ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

“ဒီအမိန့်က ပထမတစ်ကြမ်းကလည်းချပြီးသားဖြစ်တယ်၊ ချပြီးသားကလည်း အတည်ဖြစ်နေတယ်၊ ကိုယ်တိုင် လည်းအထက်အဆင့်မြှင့်ကိုမတက်ခဲ့ဘူး၊ အဲဒီအတွက်ကြောင့်နိုင်ငံတော်ရဲ့မူဝါဒနှင့်စပ်လျဉ်းပြီး အများပြည် သူစိတ်ဝင်စားတဲ့ အခြေအနေကို ချင့်ချိန်ပြီးတော့ လျောက်ထားမှုကို ပယ်ခဲ့တယ်”ဟု တနင်္သာရီတိုင်းဒေသ ကြီးတရားလွှတ်တော်ဒုတိယညွန်ကြားရေးမှူးဒေါ်မေသက်ဦးက ဆိုသည်။

ပထမအကြိမ်အာမခံလျှောက်ထားမှုပယ်ခံပြီးချိန်က ယင်းအမိန့်အား မကျေနပ်လျှင် နေပြည်တော်တရား လွှတ်တော်ချုပ်ထံ အထွေထွေအမှုဖြင့် ထပ်မံလျောက်ထားနိုင်သော်လည်း ယင်းသို့လျောက်ထားခြင်းမရှိဘဲ့ ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တွင်အာမခံရရှိရေးထပ်မံ လျှောက်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်၏ ကျန်းမာရေးအခြေအနေမှာ သက်ဆိုင်ရာဆရာဝန်များကို ရုံးခေါ်သက်သေဖြင့် တရား ရုံး၏စစ်ဆေးချက်များအရ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသနိုင်င်သည်ဟုသိရကြောင်းအာမခံလျှောက် ထားမှုပယ်အမိန့်မချမီ တရားခွင်တွင် တရားသူကြီး ဦးခင်မောင်မောင်က ပြောသည်။

ဒုတိယအကြိမ်အာမခံလျှောက်ရန်အတွက် ဒေါက်တာလဲ့လဲ့မော်က ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဇွန်လ ၁၉ရက်နေ့က ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး ဇွန်လ၂၅ရက်နေ့တွင် သူမအား ကျန်းမာရေးစစ်ဆေးပေး သည့် ခွဲစိတ်အထူးကုဆရာဝန်နှင့်အရိုးအထူးကုဆရာဝန်တို့ကို တရားရုံးကရုံးခေါ်သက်သေဖြင့် စစ်ဆေး ခဲ့ပြီးနောက် ထိုကဲ့သို့ အမိန့်ချခြင်းဖြစ်သည်ဟု သိရသည်။

ကင်ဆာရောဂါဖြစ်ပွား၍ ယခင်ခွဲစိတ်ထားသည့် ညာဘက်ရင်သားတွင်မှု တစ်စုံတစ်ရာမတွေ့ရကြောင်း၊ ဘယ်ဘက်ရင်သားတွင်အကျိတ်ငယ်တစ်လုံး၊ ဘယ်ဘက်ဂျိုင်းအောက်တွင်အကျိတ်ငယ်တစ်လုံးတွေရ ကြောင်း၊ ဓါတ်မှန်ဆရာဝန်၏ ဆေးစာအပေါ်တွင် ရေးသားထားသည့်မှတ်ချက်အရ ယင်းအကျိတ်များမှာ သာမန်အကျိတ် ဟုယူဆရပြီး သုံးလတစ်ကြိမ်ဆေးစစ်ဆေးရန်လိုအပ်ကြောင်း တရားခွင်တွင် ခွဲစိတ်အထူး ကု ဆရာဝန်က ထွက်ဆိုခဲ့သည်။

(ဒေါက်တာဇော်မြင့်) ဓါတ်မှန်အဖြေအရ ဒေါက်တာလဲ့လဲ့မော်၏ ညာဘက်ဒူးခေါင်းတွင် ကျီးပေါင်းဖြစ်နေပြီး အရိုးနုများပါးနေ သည်ကိုတွေ့ရပြီး ကျီးပေါင်းမှာအဆင့်(၂)ဖြစ်ကြောင်း၊ ဘယ်ဘက်ခြေချင်းဝတ်နေရာတွင် ရိုက်ထားသည့် ဓါတ်မှန်အရ ယခင်ကအရိုးကျိုး၍ ခြေမျက်စိအတွင်းနှင့်အပြင်ကို စတီးပြားဖြင့် မူလီစုပ်ကာ ပြန်ဆက်ထား သည်ကိုတွေ့ရပြီး ဆက်ထားသည့် မူလီ ၅ချောင်းတွင် အဓိကဖြစ်သည့် အရှည်ဆုံးမူလီမှာ နှစ်ပိုင်းကျိုးနေ သည်ကိုတွေရကြောင်း၊ ဓါတ်မှန်အဖြေအရ ဘယ်ဘက်ဖနောင့်တွင် အတက်ထွက်နေသည်ကိုလည်းတွေ့ ရကြောင်းတရားခွင်တွင် အရိုးအထူးကုဆရာဝန် ဒေါက်တာမျိုးစည်သူက ထွက်ဆိုခဲ့သည်။

ဒုတိယအကြိမ်အာမခံပယ်ခံရ၍ အထက်တရားရုံးသို့အာမခံထပ်မံလျှောက်ရန်ရှိ မရှိ ဒေါက်တာလဲ့လဲ့မော် ၏ ရှေ့နေတစ်ဦးအား သတင်းမီဒီယာများက မေးမြန်းရာ မိသားစုနှင့်တိုင်ပင်ပြီး ဆောင်ရွက်သွားမည် ဟု၎င်းက ဆိုသည်။

တရားလိုပြသက်သေ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှညွန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်ကို ဇူလိုင်လ၁ရက်နေ့ ရုံးချိန်းတွင် ရာဇသတ်ကြီးအမှုအမှတ်(၁/၂၀၁ ၁၉)နှင့်(၂/၂၀၁၉)(၃/၂၀၁၉)တို့ကိုစစ်ဆေးခဲ့ပြီး ဇူလိုင်လ၂ ရက်နေ့ ရုံးချိန်တွင် သူမအား ရာဇသတ်ကြီးအမှုအမှတ်(၄/၂၀၁၉)ကို ဆက်လက်စစ်ဆေးမည်ဟု တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်မှ ဒုတိယညွန်ကြားရေးမှူးဒေါ်မေသက်ဦးက ပြောသည်။

ဒေါ်စန်းစန်းမြင့်မှ ရာဇသတ်ကြီးအမှုအမှတ်(၁/၂၀၁၉)အား စစ်ဆေးချိန်သက်သေခံစာရွက်စာတမ်း၂စောင် ကို တရားရုံးတော်သို့ တင်သွင်းခဲ့သည်ဟုသိရသည်။

ယင်းရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံရသော GGSကုမ္ပဏီမှ တာဝန်ရှိသူ ၃ဦးအနက် ဦးသိန်းထွေးက အမှုအတောတွင်း အချုပ်လွှတ်အာမခံလျှောက် ထားမှုကို စာဖြင့်ရေးသားလျောက်လွှဲချက်ကို ရုံးတော်သို့ တင်ပြခဲ့သည်။

ပြည်ထောင်စုအစိုးရသည် အဂတိလိုက်စားမှုကို မူဝါဒတစ်ရပ်အနေဖြင့် တိုက်ဖျက်နေပြီး ဦးသိန်းထွေးကို စွပ်စွဲထားသော ပြစ်မှုသည်လည်း အာမခံမပေးနိုင်သော ပြစ်မှုဖြစ်သောကြောင့်လည်းကောင်း၊ ဦးသိန်းထွေး သည် ငွေကြေးဓနအင်အားရှိသူဖြစ်၍ကျန်တရားလိုပြသက်သေများကိုပျက်ဆီးမည့်သူမဟုတ်ဟုမဆိုနိုင် သောကြောင့်လည်းကောင်း၊ ဦးသိန်းထွေးမှအာမခံလျှောက်ထားရခြင်းရည်ရွယ်ချက်မှာ သဘာဝဓါတ်ငွေ့ ဖိုးပြည့်ဝ ပေးရန်ဟူသောအကြောင်းပြချက်သည် အာမခံပေးရမည့်အကြောင်းပြချက်မဟုတ်သောကြောင့် လည်းကောင်း၊ ဦးသိန်းထွေး၏ အာမခံလျှောက်ထားမှုကို ခွင့်မပြုသင့်ဟု သုံးသပ်ရရှိပါသည်ဟု တရာလို ဖက်ဥပဒေအရာရှိကရုံးတော်သို့ စာဖြင့်ရေးသားလျောက်လွဲချက် တင်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ဖြင့် အမှု ၄မှု တရားစွဲဆိုထားပြီး GGSကုမ္ပဏီမှဦးသိန်းထွေးကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ဖြင့် အမှု ၂မှုတရာစွဲဆိုထားသည်။

ယင်းအမှုများ နှင့်ပတ်သက်၍ဇူလိုင်(၂)ရက်နေ့တွင် ဒေါက်တာလဲ့လဲ့မော်နှင့် GGSကုမ္ပဏီမှတာဝန်ရှိသူ ၃ဦးကို ရုံးချိန်းထပ်မံချိန်းဆိုထားသည်။

တင့်လွင်

Leave a Reply