Advertisements

ရန်ကုန် ၊ နိုဝင်ဘာ ၂၈

ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင် ပါတီမှ နှုတ်ထွက်စာတင်လိုက်လိုက်ပြီဖြစ်ကြောင်း ဒေါက်တာအေးမောင်က အတည်ပြုပြောကြားသည်။

အဆိုပါနှုတ်ထွက်စာအား အောက်တိုဘာ ၂၇ ရက်နေ့ ရက်စွဲဖြင့် စစ်တွေမြို့ ရခိုင်အမျိုးသားပါတီရုံးချုပ်ကို ပေးပို့ထားကြောင်းသိရသည်။

“အဲ့ သတင်းဟုတ်တယ်။ လောလောဆယ်အလုပ်ရှုပ်နေလို့ နောက်မှပြောမယ်” ဟု ဒေါက်တာအေးမောင် ကပြောသည်။

ဒေါက်တာအေးမောင်၏ နှုတ်ထွက်စာတွင် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ လစ်လပ်နှင့် ခန့်ထားရေးဖြစ်စဉ်တွင် အုပ်စုကွဲများကြားပါတီမှ ရည်ရွယ်သူခန့်အပ်မခံရမှု၊ စစ်တွေမြို့နယ်ပါတီ ကိစ္စ၌ ဥက္ကဌဖြစ်သော မိမိထံ စုံစမ်းစစ်ဆဲမည့်အကြောင်း လုံးဝအသိမပေးခဲ့ခြင်း၊ ဖြေရှင်းပုံမမှန်ကန်ခြင်း နှင့် ယင်းဖြစ်စဉ်၏ နောက်ဆက်တွဲအမှားများကြောင့် ဌာနချုပ်ရုံးစိုက်ရာ စစ်တွေမြို့နယ် ပါတီတွင်း နှင့် လူထု(ကျေးလက်၊ မြို့ပြ)ပြိုကွဲခြင်း ဖြစ်တည်နေမှုများသည် ပါတီဥက္ကဌဖြစ်သော မိမိ၌သာ လုံးဝတာဝန်အရှိဆုံးဟုခံယူခြင်းကြောင့် နှုတ်ထွက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ပါတီ CEC အဖွဲ့ဝင် ရသေ့တောင်မြို့နယ် ပြည့်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ရခိုင်အရေးတွေ ဒီလောက်ရှုပ်ထွေးနေချိန်မှာ သူကနှုတ်ထွက်စာတင်တယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါကိုလည်း CEC အစည်းအဝေးခေါ်ပြီးတော့မှ ဆုံးဖြတ်သွားမှာပါ” ဟုပြောဆိုသည်။

ဒေါက်တာအေးမောင်၏ နှုတ်ထွက်စာတွင် ပါတီမှ နှုတ်ထွက်ပြီးနောက်တွင် မပြီးဆုံးသေးသော ရခိုင်အမျိုးသားရေးတာဝန်များကို အမျိုးသားရေးဝါဒီတစ်ဦးပီပီ မိမိ၏ မိတ်ဆွေများနှင့်အတူ လက်တွဲလျက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အသက်ထက်ဆုံးကြိုးစားဆောင်ရွက်သွားမည်ဟု သံဓိဌာန်ချမှတ်ထားပါကြောင်း ဖော်ပြထားသည်။

ဒေါက်တာအေးမောင်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။

Written by ဆုမင်းကို

Advertisements
<

Leave a Reply