မော်လမြိုင် ဖေဖော်ဝါရီ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံကွယ်ကျေးရွာအုပ်စု ဒေါင်ဒင်အင်းဖွင့်ပွဲတွင် ငါးဖမ်းသူများ ယခင်နှစ်ထက် ပိုမိုများပြားလာသည့်အပြင် လာရောက်ကြည့်ရှုသူဦးရေ တိုးမြင့်လာကြောင်း မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်တိုးက ပြောသည်။
ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခင်နှစ်က ငါးဖမ်းသူဦးရေ ၁,ဝဝဝကျော်သာ ရှိခဲ့သော်လည်း ယခုနှစ် ဖေဖော်ဝါရီ ၁၁ရက်၌ ၂,ဝဝဝ ကျော် လာရောက် ဖမ်းဆီးခဲ့ကြကြောင်း ဆက်လက်ပြောသည်။
“အင်းလေလံကို ရွာသုံးရွာကိုပဲပေးတယ်၊ ကျန်တဲ့သူတွေကို မပေးဘူး၊ အရင်ကတည်းက ငါးဖမ်းပွဲတော်ကို လုပ်တယ်၊ လူမသိကြတာ၊ အခုမှ တဖြည်းဖြည်းနဲ့ လူတွေကသိလာတော့ လာကြတယ်၊ စည်ကားလာတာပေါ့”ဟု ၎င်းက ပြောသည်။
ဒေါင်ဒင်အင်းသည် ငပုအင်း၊ ကျုံကွယ်နှင့် ရေပူကော့စပ် ကျေးရွာအုပ်စု သုံးစုကြား တည်ရှိသောကြောင့် ကျေးရွာသူကြီးများခေတ်တွင် ကျိုက်မရောအာဏာပိုင်များထံမှ အင်းလေလံရယူကာ ငါးဖမ်းပွဲတော်ကို ဦးစီးကျင်းပခဲ့ကြသည်။ လက်ရှိတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မော်လမြိုင်ငါးလုပ်ငန်းဦးစီးဌာနမှ အင်းလေလံကို အလှည့်ကျရယူကာ ငါးဖမ်းပွဲတော်ကို ဦးစီးကျင်းပနေကြောင်း ဆက်လက်ပြောသည်။
၂ဝ၁၆-၁၇ခုနှစ်တွင် ကျုံကွယ်ကျေးရွာမှ ငွေကျပ် ၁၈ဝဝဝဝ ဖြင့် အင်းလေလံရရှိခဲ့ပြီး ၊၂ဝ၁၇-၁၈ခုနှစ်တွင် ငပုအင်း(ရွာသစ်)ကျေးရွာမှ အင်းလေလံရရှိခဲ့ကာ ငါးဖမ်းပွဲတော်ကို အလှည့်ကျ ဦးစီး ကျင်းပခဲ့ကြကြောင်း ထပ်မံပြောသည်။
အင်းအတွင်း ဖမ်းဆီးရမိသော ငါးအမျိုးအစားများမှာ ငါးပတ်၊ ငါးမြွေထိုး၊ ငါးဖျင်းသလက်၊ ငါးစင်စပ်၊ ငါးဖောင်ရိုး၊ ငါးပူတင်း၊ ငါးသံချိတ်၊ ငါးဖယ်၊ ငါးဖန်းမ၊ ငါးရံ့၊ ငါးစင်ရိုင်း၊ ငါးမြစ်ချင်း၊ ငါးနုသန်း၊ ငါးမော့တော့၊ ငါးသိုင်းခေါင်းပွနှင့် ငါးခုံးမတို့ဖြစ်ကြောင်း သိရသည်။
“ငါးကတော့ အများကြီးတော့ရတယ်၊ အသေးတွေများတယ်၊ တချို့ဆို ငါးအကြီးကြီးတွေရတယ်၊ ဒီနေ့က အများဆုံးရတဲ့နေ့ပဲ၊ နောက်နေ့တွေကျရင် ငါးလည်း သိပ်မရှိတော့ဘူး၊ လူတွေလည်း သိပ်မရှိကြတော့ဘူး”ဟု ကဒေါင်းကျေးရွာမှ ဦးတင်ရှိန်က ပြောသည်။
ငါးဖမ်းပွဲတော်နေ့တွင် မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော နှင့် ချောင်းဆုံမြို့နယ်တို့မှ ခရီးသွားများသည် ဒေသန္တရဗဟုသုတအဖြစ် လာရောက် လည်ပတ်ကြည့်ရှုကြကြောင်း သိရသည်။
ထိုက်ထိုက်