မြန်မာရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဒေါ်လာငါးသန်းအောက် လုပ်ငန်းများကို ဧပြီ ၁ ရက်မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတွင် စီမံပိုင်ခွင့် ရထားသော်လည်း မြန်မာရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (MIC) က ပေးပို့မည့် ညွှန်ကြားချက်အား စောင့်ဆိုင်းနေရသည့်အတွက် စတင်နိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဥပဒေအရ ဒီကော်မတီက ဖွဲ့ရမယ်၊ MIC က အခုထိ လုပ်ထုံးလုပ်နည်းတွေလည်း မပေးပို့ရသေးဘူး၊ ကော်မတီမှာ ဘယ်သူတွေ ပါမလဲဆိုတာလည်းမထွက်သေးဘူး”ဟု ၎င်းက ဆိုသည်။

ယင်းကော်မတီကို ဖွဲ့စည်းပြီးပါက ဒေါ်လာ ငါးသန်းအောက် ရင်းနှီးမြှုပ်နှံသူများကို ပြည်နယ်ကော်မတီက တိုက်ရိုက် ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လုပ်ငန်းတိုင်းကို MIC လျှောက်တင်စရာ မလိုတော့ကြောင်း ၎င်းက ပြောကြားသည်။

မော်လမြိုင်မြို့ရှိ ထွန်းတောက်ကျော် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမိုးကျော်က “အစိုးရသစ်နဲ့ လုပ်ရတာ တော်တော်လေး ခက်ခဲနေတယ်၊ ဒေါ်လာ ငါးသန်းအောက် ပေးမယ့် ကျွန်တော်တို့ ပြည်နယ်မှာ လုပ်မယ့်သူ သိပ်မရှိဘူး”ဟု ပြောဆိုသည်။

ယင်းအပြင် အစိုးရသစ်လက်ထက်တွင် စီးပွားရေး မူဝါဒများ ချမှတ်ထားသော်လည်း ပြည်နယ်အတွင်းရှိ လုပ်ငန်းများကို အစိုးရဌာနများကသာ ဝင်ရောက်လုပ်ကိုင်နေသည့်အတွက် အခက်အခဲများ ရှိနေကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

မွန်ပြည်နယ်တွင် အစိုးရသစ် တက်လာသည့် ၂၀၁၆ ခုနှစ်မှ စတင်၍ လက်ရှိအချိန်အထိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တစ်ခုမှ မရှိသေးကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံး မှတ်တမ်းများတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၂၂ နှစ်တာ ကာလအတွင်း နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ သန်း ၅၄၃၃ သန်းကျော်ကို လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

Written by – ဇော်ထိုက်

Leave a Reply