ရန်ကုန်၊ ဒီဇင်ဘာ ၂၀
ဒေါ်လာစျေးအတက်အကျ လှုပ်ခတ်မှုကြောင့် ယခင်ကထက် စပါးစျေးများတက်လာသည်ဟု ၀ါးတန်းလမ်းကုန်စည်ဒိုင်မှ ဆန်ကုန်သည်ဦးရှမ်းက ပြောကြားသည်။
မကြာသေးမီက ဒေါ်လာစျေးအပြောင်းအလဲကြောင့် စပါးလှောင်ကုန်သည်များက စပါးဝယ်လှောင်မှု များ အပြိုင်အဆိုင်ဖြစ်လာပြီး ယင်းမှ တစ်ဆင့် စပါးစျေးမှာ ထိုးတက်လာသည်ဟု ၄င်းကဆိုသည်။
“ဒေါ်လာစျေး ထောင့်လေးရာကျော်လောက်တုန်းက ဆန်ကုန်သည်တွေက ထောင့်ငါးရာ ထိများေ ရာက်သွားမလား ဆိုပြီး စိုးရိမ်ကြတာပေါ့ကွာ။ အဲ့ဒီမှာ စပါးဝယ်လှောင်တဲ့သူတွေက စျေးကို ကြိုက်လို့မဟုတ်ဘဲ ငွေကြေးစျေးကွက်အရ ၀ယ်လှောင်ကျတာဆိုတော့ စျေးတက်သွားတာ”ဟု ၄င်းကပြောကြားသည်။
ယင်းကဲ့သို့စပါးစျေးတက်ခြင်းတွင် စပါးအကြမ်းစျေးမှာ ယခင်တင်းတစ်ရာလျှင် သုံးသိန်းငါးသောင်း မှလေးသိန်းသာရှိပြီး ယခုအခါ ခြောက်သိန်းကျော်အထိမြင့်တက်သွားကြောင်း ဦးရှမ်းက ဆက်လက်ပြောကြားသည်။
ယင်းအပြင် စပါးအချောစျေးမှာလည်း ယခင်တင်းတစ်ရာလျှင် ခြောက်သိန်းကျော်ရှိရာမှ ယခု ရှစ်သိန်းနှစ်သောင်းထိတက်သွားသည်ဟု ၄င်းကဆိုသည်။
ယင်းသို့စပါးစျေးများ ထိုးတက်ခြင်းများရှိသော်လည်း ဆန်စျေးမှာ မူလအတိုင်းသာ စျေးကွက်အေးနေကြောင်း ၄င်းကဆိုသည်။
“ဆန်ကတော့ အရောင်းအဝယ်အေးတယ် စပါးကိုသာဝယ်လှောင်နေကြတာ ဘာလို့လဲဆိုတော့ အခုက ဆန်ကကောင်းကောင်းမခြောက်သေးဘူး။ ဒါ့ကြောင့် ဆန်ကလှောင်တဲ့သမားက မဝယ်ကြသေးဘူး အစိုဓာတ်လေးရှိနေသေးတော့ ဆန်အနေနဲ့က ဘယ်သူမှ ၀ယ်မလှောင်ကျသေး အဲ့ဒါကြောင့်ဆန်စျေးကအေးတယ်”ဟု ဦးရှမ်းကရှင်းပြသည်။

Leave a Reply