Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မော်လမြိုင် စက်သုံးဆီ ဈေးကွက်တွင် ဒေါ်လာဈေးနှုန်း ကျဆင်းလာသော်လည်း ဆီဈေးမှာ မြင့်တက်နေဆဲ ဖြစ်သည်။

တစ်ဒေါ်လာလျှင် ကျပ် ၁၆၄၀ အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးမှာ စက်တင်ဘာ ၂၈ ရက်တွင်မူ တစ်ဒေါ်လာလျှင် ကျပ် ၁၅၆၀ အထိ ပြန်လည် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၁ ရက်က မော်လမြိုင် စက်သုံးဆီ ဈေးကွက်တွင် အောက်တိန်း 95 တစ်လီတာလျှင် ၁၁၀၅ ကျပ်၊ 92 တစ်လီတာလျှင် ၁၀၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၀၉၀ ကျပ်နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၀၈၀ ကျပ် သာ ရှိခဲ့သည်။

သို့သော်လည်း စက်တင်ဘာ ၂၈ ရက်တွင်မူ အောက်တိန်း 95 တစ်လီတာလျှင် ၁၁၁၅ ကျပ်၊ 92 တစ်လီတာလျှင် ၁၀၆၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၁၀၀ ကျပ်နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၀၉၀ ကျပ်အထိ တစ်လီတာလျှင် ၁၀ ကျပ်ခန့် မြင့်တက်နေသည်။

“ဘာကြောင့်လဲဆိုတာ အတိအကျမသိဘူး။ ကုမ္ပဏီက ညွှန်ကြားချက်အတိုင်းပဲ လုပ်နေတာ။ ဒေါ်လာဈေးက ကျနေပေမယ့် ရေနံဈေးက လိုက်မကျဘူး။ တခြားပြင်ပကုန်သွယ်မှုအပိုင်းမှာ ဘာကိစ္စတွေရှိနေလဲဆိုတာ မသိဘူး” ဟု Denko မော်လမြိုင်မှ အရောင်းတာဝန်ခံတစ်ဦးကပြောသည်။

ထို့အပြင် မုတ္တမ Max Energy ဆီဆိုင်မှ supervisor မထိပ်တင်ဝင်းက ကုမ္ပဏီက ချမှတ်ထားသည့်အတိုင်း ရောင်းချရခြင်းဖြစ်ကြောင်း၊ ဈေးနှုန်း ကျ မကျ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောသည်။

စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကို ဆိုင်ကယ်တက်စီမောင်းသူ ဦးဆန်းအောင်က“အခုတလော အဆင်မပြေဘူး။ ဆီဈေးတက်တယ်။ ခရီးစဉ်က ငါးရာကငါးရာပဲ ခုနစ်ရာ တောင်းလို့မရဘူး” ဟု ဆိုသည်။

စက်တင်ဘာ ၂၈ ရက်၌ ရန်ကုန် စက်သုံးဆီ ဈေးကွက်တွင် အောက်တိန်း 95 တစ်လီတာလျှင် ၁၀၈၅ ကျပ်၊ 92 တစ်လီတာလျှင် ၁၀၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၀၇၅ ကျပ်နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၀၆၅ ကျပ် သာ ပေါက်ဈေးရှိနေသည်။

စန္ဒာဉာဏ်

Advertisements
<

Leave a Reply