ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်ကို မထောက်ခံကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆရာမလုပ်သင့်ကြောင်း အမေရိကန် ရီပတ်ဘလင်ကန်လွှတ်တော်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်က ပြောကြားလိုက်သည်။

‘သူ့ကို ရည်ရွယ်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောမကျပါဘူး။ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်ကနေ ကျွန်တော်တို့ မျှော်လင့်ထားတဲ့နေရာကို ရောက်အောင် ရွှေ့ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးမျှော်လင့်ချက်ပါ’ ဟု မက်ကော်နယ်က ပြောသည်။

ရီပတ်ဘလင်ကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် ဒီမိုကရက်လွှတ်တော်အမတ် ရစ်ချတ်ဒါဘင်တို့သည် အကြမ်းဖက်မှုများကို ရှုတ်ချကြောင်းနှင့် လက်တွေ့ဆောင်ရွက်မှုများ ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းလာခြင်းဖြစ်သည်။
၎င်းအနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်(resolution) ကို မထောက်ခံကြောင်း မက်ကော်နယ်က ပြောကြားခဲ့သည်။

‘ကျွန်တော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျဉ်းထဲ ကျပ်ထဲရောက်နေချိန်မှာ အမေရိကန်အနေနဲ့ သူကို ပစ်မှတ်ထားပြောနေတာ၊ သူ့ကို ဆရာလုပ်နေတာတွေက အသုံးမဝင်ဘူး။ ဒီတော့ ဒီလိုု လုပ်နေတာတွေထဲမှာ ကျွန်တော် ဝင်မပါချင်ဘူး’ ဟု အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ၎င်းကဆိုသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားခဲ့ခြင်းကို ပြန်လည်သုံးသပ်ရန် အစီအစဉ်ရှိမရှိ မေးခွန်းကိုတော့ ၎င်းက မဖြေကြားခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်မှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ဘင်္ဂါလီများဘက်မှ ရပ်တည်ပြောဆိုခြင်း မပြုမှုနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်မှုများကို ခံနေရသည်။

Source: Reuters

Leave a Reply