Advertisements

မော်လမြိုင်၊ ဇွန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၄ ရက်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အောင်ဆန်းခန်းမ၌ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်နှင့် အဖွဲ့ကို တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို တင်ပြခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သတင်းမီဒီယာများကို ပြောဆိုသည်။

“မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဋ္ဌကြီးက ပြောတယ်၊ သူတို့က စီးပွားရေးမလုပ်တတ်ဘူး အဲ့ဒီတော့ အဆင်ပြေသလို လုပ်ပေးဖို့ပြောတယ်”ဟု ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကို Public privatepartnership ပုံစံဖြင့် လုပ်ဆောင်ပေးရန် မူချထားပြီဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနိုင်ထောမွန်က ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း ဖွံ့ဖြိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းခဲ့ကြောင်းပြောသည်။

“ငြိမ်းချမ်းရေးယူပြီးတဲ့ နောက်ပိုင်း ဖွံ့ဖြိုးရေးအတွက် ဆက်ညှိဖို့ ပြောတာပေါ့၊ ကျွန်တော်တို့ကဆက်ညှိဖို့လည်း သဘောတူပါတယ်၊ ဒါပေမဲ့ ဆက်ညှိမှာကအဖွဲ့ပေါင်းစုံပါတယ်” ဟု နိုင်ထောမွန်က ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ
ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမြင့်ထွေးနှင့် နိုင်သက်လွင်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့သည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply