နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီပါတီ အဖွဲ့ချုပ် NLD နာယက ဦးတင်ဦးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဦးဝင်းထိန်တို့ကို အရေးယူပေးရန် ပါတီ ၁၃ ခုက  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြတောင်းဆိုထားသည့် ထုတ်ပြန်ချက်ကို မေ ၈ ရက်က ကြေညာခဲ့သည်။

NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည်ဟုဆိုကာ ဥပဒေနှင့်အညီ အရေးယူပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ အကြောင်းကြားချက် အပေါ်မူတည်၍ ယင်းကိစ္စကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

“ကျွန်တော်တို့ကို ကော်မရှင်က အကြောင်းမကြားသေးဘူး၊ ကော်မရှင်က ဘာဆောင်ရွက်ထားလဲဆိုတာ ကျွန်တော်တို့ မသိရသေးဘူး၊ ကျွန်တော်တို့ကို ဘယ်လိုအရေးယူမယ်ဆိုတာ အကြောင်းမကြားသေးတဲ့အတွက် ကျွန်တော်တို့ဘယ်လိုဖြေရှင်းရမလဲဆိုတာ မပြောနိုင်သေးဘူး”ဟု ၎င်းက ဆိုသည်။

ပါတီ ၁၃ ခု တိုင်ကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ၊ ရေဒီယိုအစီအစဉ်တို့မှ မတ် ၃၀ ရက်က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး၊ မတ် ၃၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် မိန့်ခွန်းအပြည့်အစုံ ပုံနှိပ်ဖော်ပြ ဖြန့်ချိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းမှာ နိုင်ငံတော်အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းဖြစ်သည်ဟုဆိုသော်လည်း ကြားဖြတ်ရွေးကောက်ပွဲနှင့် အချိန်ကိုက်လျက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက်များ ပါဝင်သော စည်းရုံးလှုံ့ဆော် ဟောပြောချက် မိန့်ခွန်း Political Campaign Speech ဖြစ်နေကြောင်းသာ အထင်အရှားတွေ့ရှိရကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။

ယင်းမိန့်ခွန်းကို မတ် ၃၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများ၌ အပြည့်အစုံ ဖော်ပြခဲ့ခြင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရဟု တားမြစ်ထားသည့် Silent Daily တွင် ထုတ်ဝေဖြန့်ချိ ဖော်ပြခြင်းဖြစ်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ထားသော အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်လျက်ရှိကြောင်း ထပ်မံဖော်ပြထားသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေဖြင့် ထုတ်ပြန်ကြေညာချက်အတိုင်း အရေးယူပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲမရှင်ထံ တောင်းဆိုးထားသည့် သဘောအတိုင်းသာဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ပါတီများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ တို့ပါဝင်သည်။

written by – ဇော်ထိုက်

Leave a Reply