ဒေါ်အောင်ဆန်းစုကြည်၊ မော်လမြိုင် စကားဝိုင်းနှင့် ထူးခြားချက် ၁၂ ရပ်

ဘာတွေဆွေးနွေးကြလဲ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်နယ်ဒေသခံ ပြည်သူရှစ်ဦးတို့ ငြိမ်းချမ်းရေး စကားဝိုင်းကို ဇွန် ၁၄ ရက်က မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ အချိန် ၃ နာရီခန့်ကြာ ပြုလုပ်ခဲ့သည်။

ဆွေးနွေးခဲ့သည့် ဒေသခံပြည်သူများတွင် ကရင်၊ ပအိုဝ်း၊ မွန်၊ ဗမာတိုင်းရင်းသား နှစ်ဦးစီ၊ စုစုပေါင်း ရှစ်ဦးပါဝင်ပြီး တတိယနှစ် ကျောင်းသား ကိုကျော်ဇင်ဦး၊ သူနာပြုဆရာမ မစန်းသီရိ၊ NGO ဝန်ထမ်း ခွန်ထူးအောင်၊ ငြိမ်းဖောင်ဒေးရှင်းမှ မိဇင်ဝင်းမွန်၊ စားသောက်ဆိုင် လုပ်ငန်းရှင် စောကျော်မိုး၊ ဒုတိယနှစ်ကျောင်းသူ မိယဉ်နွန်စွမ်း၊ ကိုယ်ပိုင်စာသင်ကျောင်းမှ
ကျောင်းဆရာ ကိုထွန်းထွန်းလင်း၊ အထည်ဆိုင်လုပ်ငန်း လုပ်ကိုင်သူ မိငွေလေးတို့မှ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး ပြဿနာ၊ ပြည်နယ်စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အဓိထား ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေးကို လူတိုင်း လိုချင်တယ်ဆိုရင် ဘာဖြစ်လို့ ကမ္ဘာကြီးမှာ ဒီလောက်ပဋိပက္ခတွေ များနေလဲဆိုတာ ပြန်ပြီးစဉ်းစားရမယ်၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ်လိုချင်တဲ့ အရာတွေကို ရအောင်လုပ်ဖို့အတွက်၊ ကိုယ့်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် အရည်အချင်းတွေကို တိုးပွားအောင်လုပ်ရမယ်၊ လူတိုင်းလူတိုင်းလည်း လုပ်ရမယ်၊ အစိုးရကလည်း ကူညီရမယ်”ဟု ဆိုသည်။

အစိုးရဆိုသည်မှာ နိုင်ငံသူ နိုင်ငံ သားများ၏ အကျိုးကို ထမ်းဆောင်ရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်းနှင့် မည်သည့် ကိစ္စမဆို ပြည်သူမပါလျှင် မရကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ စိတ်
ဓာတ်၊ ဉာဏ်စွမ်းအား၊ အရည်အချင်းအားလုံးမြှင့်တင်ရန် လိုသည်ဟု ပြောဆိုသည်။

ပညာရေးနှင့် ကျန်းမာရေး

မွန်ပြည်နယ်တွင် ပညာရေးအတွက် ထောက်ပံ့ပေးရန် ငွေရေးကြေးရေး ပြဿနာဖြစ်သည့်အတွက် သားသမီးများကို ကျောင်းထုတ်ပြီး နိုင်ငံခြားသို့ခေါ်သွားနေရကြောင်းနှင့် ဘွဲ့ရ လူငယ်များမှာလည်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေသည့်အတွက် နိုင်ငံခြားတွင် အလုပ်သွား လုပ်နေရသည်ဟု တတိယနှစ် သင်္ချာကျောင်းသား ကိုကျော်ဇင်ဦးက ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြခဲ့သည်။

“ မိမိတို့ နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းပညာရေးကို အားပေးဖို့ အများကြီးလိုတယ်၊ အသက်မွေးဝမ်းကျောင်း ပညာရေးဆိုတာ ပညာသင်ပြီးတာနဲ့ အလုပ်ရရမယ်၊ အလုပ်မရှိဘူးဆိုရင် ဝင်ငွေမရှိတာက တစ်ဖက်၊ စိတ်လေနေလို့ ရပ်ရွာရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတဲ့ အပြုအမူတွေ ပေါ်လာတာက တစ်ဖက်၊ အဲဒါကြောင့် အလုပ်အကိုင်ဖန်တီးရေးဟာ အင်မတန်မှ အရေးကြီးတယ်၊ တက္ကသိုလ်ပညာရေးကို ကျွန်မတို့ အလေးမထားခြင်း မဟုတ်ပါဘူး” ဟု ဒေါ် အောင်ဆန်းစုကြည်က ပြန်ဖြေသည်။

အသက်မွေးဝမ်းကျောင်း ပညာရေးသည် တက္ကသိုလ်ပညာရေးနှင့် တန်းတူ တန်ဖိုးရှိကြောင်းကို မိမိတို့ပြည်သူအနေဖြင့် နားလည်ရန် လိုအပ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

ကမ္ဘာပေါ်တွင် အတိုးတက်ဆုံး နိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ ဆွီဒင်၊ ဂျာမန်တို့တွင် အသက်မွေးဝမ်းကျောင်းပညာရေးစနစ် လွန်စွာကောင်းမွန်ပြီး တက္ကသိုလ်ပညာရေးနှင့် တန်းတူညီတူ အဆင့်ရှိကြောင်း၊ ထိုအခြေအနေရောက်အောင် ကြိုးစားနေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကျန်းမာရေးတွင် ဆေးရုံများ၌ လူနာအင်အားနှင့် ဝန်ထမ်းအင်အား မမျှတသည့် အခက်အခဲများ ဖြစ်လာသောကြောင့် နိုင်ငံတော်အစိုးရအနေ ဖြင့် ဆေးရုံများတွင် ဝန်ထမ်းအင်အားကို လုံလုံလောက်လောက် ချထားစေချင်သည်ဟု သူနာပြုဆရာမ မဆန်းသီရီက ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့သည်။

“ဝန်ထမ်းတွေ လိုအပ်တယ်ဆိုတာ သိပါတယ်၊ ပညာရေးဝန်ကြီးဌာနက စီမံခန့်ခွဲမှုအရ သူနာပြု ဆရာမများ မွေးထုတ်ပါတယ်၊ သူနာပြုတွေ များလာတဲ့အခါ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မူးယစ်ဆေးဝါး ပြဿနာ

မူးယစ်ဆေးကင်းရှင်းရေးအတွက် ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်များက အစိုးရအနေဖြင့် လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။
“မူးယစ်ဆေးဝါးကို ကျွန်တော်တို့ဆီမှာ လူကြီးတွေသာမက လူငယ်တွေပါ သုံးစွဲနေကြပြီ”ဟု တတိယနှစ်သင်္ချာ ကျောင်းသား ကိုကျော်ဇင်ဦးက ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မူးယစ်ဆေးဝါးသည် နိုင်ငံအတွင်း အင်မတန်မှကြီးမားသည့် အန္တရာယ်ကြီး တစ်ခု ဖြစ်လာပြီးဟု ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် မည်သို့ဖြေရှင်း ဆောင်ရွက်သွားမည်ဟူ၍ တိကျသော အဖြေမပေးသော်လည်း မိဘများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးကြောင်း ထည့်ပြောခဲ့သည်။

စီးပွားရေး

ပြည်နယ် စီးပွားရေးအတွက် ဆွေးနွေးကြသည့် လူငယ်များက ရော်ဘာဈေးနှုန်း တည်ငြိမ်မှုရှိရန် အစိုးရက လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့သည်။

အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများကို စိစစ်ရွေးချယ်ရာတွင် ရော်ဘာအတွက် ကုန်ချောထုတ်ပေးနိုင်သည့် ကုမ္ပဏီကို ခြံအလုပ် သမားများအတွက် စဉ်းစားပေးစေလိုကြောင်း ဒုတိယနှစ် ဥပဒေကျောင်းသူ မိယဉ်နွန်စွမ်းက ပြောဆိုခဲ့သည်။

“မွန်ပြည်နယ်မှာ ရော်ဘာပြဿနာတစ်ခုတည်းတင် မဟုတ်ပါဘူး၊ ရော်ဘာအရည်အချင်း မမီတာလည်းပါတယ်၊ နိုင်ငံတကာရဲ့ ရော်ဘာနဲ့စာရင် အရည်အချင်းက မြင့်သင့်သလောက် မမြင့်တဲ့ ပြဿနာလည်း ပါတယ်၊ အချောကုန်အဖြစ် မလုပ်နိုင်တဲ့ အခြေအနေလည်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ရော်ဘာကဏ္ဍ မြှင့်တင်ရေးအတွက် သင်ကြားရေး၊ အရည်အချင်း မြှင့်တင်ရေး သင်တန်းများနှင့် ဈေးကွက်ရှာဖွေရေးတို့သည် အစိုးရတာဝန်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံ

ဥပဒေငြိမ်းချမ်းရေးတွင် လူငယ်များနှင့် အမျိုးသမီးများကို ပါဝင်ခွင့်ပေးရန် ထိုသို့ပါဝင်ခွင့်ပေးခြင်းဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ငြိမ်းဖောင်ဒေးရှင်းမှ မိဇင်ဝင်းမွန်နှင့် အထည်ဆိုင်လုပ်ငန်းမှ မိငွေလေးတို့က ဆွေးနွေးသည်။
စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူ စောကျော်မိုးက တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ တွင် ငြိမ်းချမ်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် တင်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ ငြိမ်းချမ်းရေးကို လေးလေးနက်နက် သိစေချင်ကြောင်းနှင့် သမိုင်းမှန်ကို လေ့လာရန် လိုအပ်သည်ဟုပြောဆိုသည်။

“ မြို့နယ် ၃၃၀ မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပညာပေးဆွေးနွေးပွဲတွေ လုပ်ဖို့ရှိပါတယ်၊ အဲဒါက ဒီလောက်ကြီးတော့ မခက်ခဲပါဘူး၊ ပြည်နယ်အစိုးရနဲ့ တိုင်ပင်ပြီး သက်ဆိုင်ရာ NRPC ထဲမှ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပြီး လုပ်ပေးဖို့ကြိုးစားမယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင်ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သည့် ကိစ္စရပ်များသည် တရားဥပဒေဘောင်အတွင်းမှ လုပ်ရမည်ဖြစ်ပြီး၊ တရားဥပဒေစိုးမိုးရေးကို မထိခိုက်ဘဲလုပ်ရန် အရေးကြီးသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
“ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ အစိုးရနဲ့ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့က အင်မတန်မှ အရေးကြီးပါတယ်၊ ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် အဖြေရှာလို့ရတယ်ဆိုတဲ့ ယုံကြည်မှုရှိအောင် လုပ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရန်နှင့် တိုင်းရင်းသားများ လိုချင်နေသော ဖက်ဒရယ် ပြည်ထောင်စုစနစ် အမြန်ဆုံးတည်ဆောက်ပေးရန် ဒုတိယနှစ် ဥပဒေ ကျောင်းသူ မိယဉ်နွန်စွမ်းက ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည့် NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ကတည်းက မူဝါဒတစ်ခုအနေဖြင့် ဆုပ်ကိုင်ထားကြောင်းနှင့် ၂၀၁၄ ခုနှစ် လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲတွင်လည်း မိမိတို့ မည်သို့လုပ်ဆောင်မည့်အကြောင်း ချပြထားပြီဟုဆိုသည်။

ဆွေးနွေးပွဲတွင် အားလုံး ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းမှ မေးမြန်းသည့်် မေးခွန်း သုံးခုကို ဖြေဆိုခဲ့သည်။

အွန်လိုင်းမှ မေးခွန်းမေးမြန်း သူတစ်ဦးက ၂၁ ရာစု ပင်လုံကို ခြောက်လတစ်ကြိမ် ကျင်းပရမည်ဖြစ်သော်လည်း တစ်နှစ်ကြာသည်အထိ မကျင်းပနိုင်ဖြစ်နေသည်နှင့်ပတ်သက်၍ မှတ်ချက်ပြုပေးရန် မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ၂၁
ရာစုပင်လုံကို သတ်မှတ်ထားသည့်အတိုင်း တစ်နှစ် နှစ်ကြိမ် ပြုလုပ်လိုသည့် ဆန္ဒရှိကြောင်း ပြောသည်။

‘‘ဘယ်သူက အချိန်ဆွဲလို့၊ ဘယ်သူက ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့ဆိုပြီးတော့ အဲဒီလို လက်ညှိုးထိုးတဲ့ အလုပ်လုပ်ခြင်းအားဖြင့် အလုပ်ကမဖြစ်ဘူး’’ဟု ပြောသည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရရှိလိုသည့် ဆန္ဒအပြည့်အဝ ရှိသည်ကိုမူ အာမခံကြောင်းပြောသည်။
ထို့နောက် ပွဲလာပရိသတ် သုံး ဦးက မေးခွန်း သုံးခုမေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို စင်ပေါ်ခေါ်ယူပြီး ပြန်လည်ဖြေဆိုစေခဲ့သည်။

စကားဝိုင်း နိဂုံးချုပ်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေကလည်း ကိုယ့်ရဲ့ ပြည်နယ်အစိုးရကို သိချင်တာတွေ မေးချင်တာတွေ မေးပိုင်ခွင့်ရှိပါတယ်။ စာရေးပြီးတော့ မေးလည်းရပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ လည်း ရံဖန်ရံခါ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ပြီးတော့ မေးချင်တာတွေ မေးမြန်းပိုင်ခွင့်ပေး
ဖို့လည်း ကျွန်မတို့ လုပ်စေချင်ပါတယ်။ အဲ့ဒီလိုလုပ်မှပဲ ကျွန်မတို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုအစိုးရအနေနဲ့ ပိုပြီးတော့ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါ တယ်”ဟူ၍ ပြောကြားသွားခဲ့ သည်။

 

ဘာတွေထူးခြားလဲ

နှစ်ခါ ရွှေ့ရခြင်း

မော်လမြိုင်တွင် ပြုလုပ်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံ ပြည်သူတို့ ငြိမ်းချမ်းရေး စကားဝိုင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ဆိုင်း ခဲ့ရပြီးနောက် ဇွန် ၁၄ ရက်မှသာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကားပြန်မှာရခြင်း

မော်လမြိုင်သို့ လာရောက်စဉ် အတိုင်ပင်ခံ စီးနင်းရန် စီစဉ်ထားသည့်မော်တော်ယာဉ်မှာ အဆင်မပြေသဖြင့် ဇွန် ၁၃ ရက် ညနေပိုင်းခန့်မှ ရန်ကုန်ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာနကနေ မှာယူခဲ့ရကြောင်း နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန တာဝန်ရှိသူတို့ထံမှသိရသည်။

ဝန်ကြီးချုပ် လိမ္မာရဲ့လား

မော်လမြိုင် မြို့ရှိ သမိုင်းဝင် ကျိုက်သလ္လံ စေတီတော်သို့ သွားရောက် ဖူးမြော်ခဲ့ပြီး ကျိုက်သလ္လံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့၏ သြဝါဒစရိယ မော်လမြိုင်မြို့ မောင်ငံရပ် နတ်မှော်ကျောင်း ဆရာတော် ဘဒ္ဒန္တသုမန အမှူးပြုသော ဆရာတော်များနှင့် တွေ့ဆုံစဉ် အတိုင်ပင်ခံက ဆရာတော်အား “မွန်ပြည်နယ် ဝန်ကြီးချုပ် လိမ္မာရဲ့လား”ဟု မေးမြန်းခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ လိမ္မာမှု ရှိ မ ရှိ မိမိ စောင့်ကြည့်နေသည်ဟု ဆရာတော်ထံ ထပ်မံလျှောက်တင်ခဲ့သည်။

ကျောင်းသား ပါဝင်မှု နည်းပါးခြင်း

အတိုင်ပင်ခံက ကျောင်းသားများသည် နိုင်ငံတော် အနာဂတ် ဖြစ်၍ မိမိတို့ နိုင်ငံ၏ အနာဂတ် ဖြစ်သည်ကို မမေ့ကြရန်နှင့် တာဝန်သိစိတ်၊ ကြိုစားချင်စိတ်၊ စေတနာထားသည့် စိတ်များ ရှိကြရန် မှာကြားခဲ့သည့် စကားဝိုင်းကို မော်လမြိုင် တက္ကသိုလ်ဝင်းတွင် လုပ်ဆောင်သည်။

“အခုက တက္ကသိုလ်ပရိဝုဏ်အတွင်းမှာ ကျင်းပနေတဲ့ အခမ်းအနားဖြစ်တဲ့အတွက် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ကများတယ်၊ တက္ကသိုလ်ပညာရေးကို အားပေးတဲ့သူတွေကလည်းများတယ်”ဟု ပညာရေးဆိုင်ရာဆွေးနွေးချက်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်ထည့်ပြောခဲ့သည့် စကားဝိုင်းကျင်းပရာ ခန်းမအတွင်း လူပေါင်းတစ်ထောင်ခန့် တက်ရောက်ခွင့် ရရှိခဲ့သော်လည်း ကျောင်းသား ပါဝင်မှုသည် ၁၅ ရာခိုင်နှုန်းပင် မပြည့်ခဲ့။

နှစ်ကြိမ်တိုင် အဆူခံရ

ငြိမ်းချမ်းရေး စကားဝိုင်းအတွင်း ဒုတိယနှစ် ဥပဒေကျောင်းသူ မိယဉ်နွန်စွန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပေးပါရန်နှင့် တိုင်းရင်းသားများ လိုချင်သည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အမြန်ဆုံး လုပ်ဆောင်ပေးရန် အတိုင်ပင်ခံအား တိုက်တွန်းခဲ့သည်။

ထိုသို့ပြောနေချိန်တွင် ပရိသတ်များ၏ တွတ်ထိုးနေသောစကားသံများ ခန်းမအတွင်း တဖြည်းဖြည်းညံလာသဖြင့် အတိုင် ပင်ခံ ကိုယ်တိုင်ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “ဘာပြောချင်လို့လဲ”ဟု ပရိသတ်ထံမေးခွန်းထုတ်ခဲ့ပြီး နောက် လူတစ်ယောက် စကားပြောဆိုနေခြင်းကို သေချာနားထောင်ရန်နှင့် စည်းကမ်းရှိကြရန် တိုက်တွန်းခဲ့ရသည်။

ယင်းသည် ပထမအကြိမ်သာဖြစ်ခဲ့ပြီး စကားဝိုင်းဆွေးနွေးမှုများဆက်လက်ပြုလုပ်နေစဉ် ပရိသတ်များထံမှအသံထပ်မံညံခဲ့ ပြန်၏။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က စကားပြောချင်လျှင်အပြင်ထွက်ပြောကြရန် စင်ပေါ်မှနေ၍ ဒုတိယအကြိမ်သတိပေး ခဲ့ရပြန်သည်။

မတရားမှုများထဲမှ မတရားမှုတစ်ခု

ငြိမ်းချမ်းရေး စကားဝိုင်း၌ အတိုင်ပင်ခံ၏ ပြန်လည် ဆွေးနွေးမှုတွင် ဒေသခံများက ကိုယ်ဒေသ တစ်ခုတည်းကိုပဲ ကြည့်ရကြောင်းနှင့် အစိုးရအဖွဲ့မှာမူ တိုင်းပြည်တစ်ခုလုံး၏ အခြေအနေကို ကြည့်ရကြောင်း ပြောသည်။

လမ်းဖောက်ပေးရန်၊ လျှပ်စစ်မီး ရရှိအောင် လုပ်ဆောင်ပေးရန်ဟူသော တောင်းဆိုချက်များသည် တစ်တိုင်းပြည်လုံး တောင်းဆိုနေကြခြင်း ဖြစ်၍ တောင်းဆိုမှု မှန်သမျှ မိမိတို့ လုပ်ဆောင်ပေးရသည်ဟူ၍လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်ပြောသည်။

ရော်ဘာကဏ္ဍမြှင့်တင်ရေးဆွေးနွေးချက်တစ်ခုအတွင်း “ကိုယ်မလုပ်ချင်တာကျတော့ အစိုးရကလုပ်ပေးဆိုပြီး ကိုယ်လုပ်ချင် တာကျတော့အစိုးရရဲ့ လုပ်ပိုင်ခွင့်လို့ပြောတာ မတရားဘူး။ ဘာမဆိုမျှမျှတတရှိရမယ်။ တာဝန်နဲ့ အခွင့်အရေးနှစ်ခုဟာ အမြဲပဲမျှမျှတတရှိရမယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီး အဖြေ သဘော မတွေ့ခြင်း

ပရိသတ်တစ်ဦးက မော်လမြိုင် ဆေးရုံကြီး၌ ကျန်းမာရေး ဝန်ထမ်းများက လူနာ သယ်ဆောင်ရာတွင် ကြင်နာမှု မရှိခြင်း၊ ဆရာဝန်များ ယဉ်ကျေးမှု မရှိခြင်း ဆေးရုံ ဓာတ်လှေကား သုံးစွဲမည့် ကိစ္စ ရပ်များကို မေးခွန်း မေးမြန်းခဲ့သည်။
ထိုမေးခွန်းကို မွန်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်း ဖြေဆိုရာတွင် ဆေးရုံမှာ နှစ်ထပ်သာ ရှိကြောင်းစသဖြင့် ထည့်သွင်းပြောဆိုခဲ့သည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်က က ဓာတ်လှေကားရှိခြင်းမှာ သုံးစွဲရန်ဟု သူ့အနေဖြင့် နားလည်သဘောပေါက်ကြောင်း ကြားဖြတ်ပြောဆိုခဲ့သည်။

ထို့ပြင် ဆရာဝန်များ မယဉ်ကျေးမှုကို ဝန်ကြီး ဖြေဆိုရာ၌ လူနာနှင့် ဆရာဝန် မမျှ၍ ဖြစ်ကြောင်း ပါဝင်မှုကို အတိုင်ပင်ခံက ယင်းသည် ယဉ်ကျေးမှု မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ ဝန်ကြီးအနေဖြင့် ဆေးရုံကို ကွင်းဆင်း ဆောင်ရွက်ရန်နှင့် ဆရာဝန်များ ယဉ်ကျေးလာအောင် လုပ်ဆောင်ရန် မှာကြားခဲ့သည်။

ပရိသတ် ပွဲကျ

ကျိုက္ခမီ ဝန်ထမ်း အိမ်ရာ တည်ဆောက်မှု ကိစ္စနှင့် ပတ်သက်ပြီး ပရိသတ် တစ်ဦးက မေးခွန်း မေးမြန်းရာတွင် အတိုင်ပင်ခံက စကားသံကို သူကောင်းစွာမကြားရကြောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံမှာ မေးမြန်းသူ၏ အနီး၌ရှိ၍ ကြားနိုင်မည်ဖြစ်၍ စင်ပေါ်တက်ကာ လာရောက် ဖြေဆိုရန် ညွှန်ကြားရာ ယင်းသည် ပွဲကျမှုများစွာ ပေါ်ပေါက်ခဲ့သည့် စကားဝိုင်းအတွင်း ယခင်အကြိမ်များထက်ပို၍ သဘောတွေ့ကြကြောင်း ပရိသတ်ထံမှ ထွက်ပေါ်လာသည့် အသံများက သက်သေခံခဲ့သည်။

မေးခွန်းပြန်မေးတဲ့ဝန်ကြီးချုပ်

အထက်ပါ မေးခွန်းကို ဝန်ကြီးချုပ် ဖြေဆိုရာတွင် ထိုဘတ်ဂျက်သည် ပြည်ထောင်စု ဘတ်ဂျက်ဖြစ်၍ ကျန်းမာရေး ဝန်ကြီးဌာနက တင်ဒါပေးကြောင်း၊ ဘတ်ဂျက်ကိုလည်း ရာခိုင်နှုန်းအလိုက် ခွဲပေးကြောင်းနှင့် အဆောက်အဦ စံချိန်စံနှုန်း မမီဟုဆိုရာတွင် မည်သည့်အချက်ကိုဆိုလိုပါသနည်းဟု သဘောရသောမေးခွန်းကို ဝန်ကြီးချုပ်က မေးခွန်းရှင်ထံ ပြန်မေး ခဲ့သည်။

ကိုယ်ပိုင်ငွေဖြင့် အထည်ဝယ်

ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံပြည်သူများ နှင့် ငြိမ်းချမ်းရေးစကားဝိုင်းအပြီးတွင် ခင်းကျင်းပြသထားသော မွန်ရိုးရာ အဝတ်အထည်များကို ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခဲ့သည်။

ဆိုင်တာဝန်ခံတစ်ဦး၏ အတည်ပြုချက်အရ မွန်ရိုးရာအထည် သုံးစုံကို ငွေကျပ် ငါးသောင်း ဖိုး ပေးချေ ဝယ်ယူသွားသည်ဟု ဆိုသည်။

ရုတ်ရုတ်သဲသဲ

ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံ ပြည်သူနှင့် ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်နေစဉ် တောင်သူလယ်သမားအရေး လှုပ်ရှားနေသည့် ပေါင်မြို့နယ်မှ နော်အေးအေးကြိုင်က အတိုင်ပင်ခံအား တိုင်စာပေးရန် မော်လမြိုင် တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကတားဆီး၍ ညှိနှိုင်း ဖြေရှင်းမှုကြောင့် ပြေလည်မှု ရရှိခဲ့ပြီး ကြီးမားသော ပြဿနာတစ်စုံတစ်ရာမပေါ်ပေါက်ခဲ့။

နော်အေးအေးကြိုင်ဆိုသည်မှာ ပြီးခဲ့သည့် လပိုင်းက ရန်ကုန် NLD ရုံးချုပ်တွင် သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုထားပြီး နေပြည်တော်တွင်လည်း အတိုင်ပင်ခံနှင့် တွေ့ခွင့်ရရေးအတွက် သွားရောက်ထားသူ ဖြစ်သည်။

ဝေဖန်မှု

စကားဝိုင်းတွင် ပါဝင်ခွင့်ရသူများကို ရွေးချယ်မှုနှင့် လွတ်လပ်စွာဆွေးနွေးခွင့်ရှိမရှိအပေါ် မေးခွန်းထုတ်သူများရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကမူ “လူရွေးတာကပြည်နယ်အစိုးရကရွေးတယ်။ ကျွန်တော်တို့က ရွေးထားသူတွေရဲ့ အာစလျှာစကိုကြည့်ပြီး သတ်မှတ်ပေးလိုက် တယ်။ ပြောမယ့်အကြောင်းအရာကတော့ ပါဝင်မယ့်သူတွေ ဘယ်သူကဘယ်အကြောင်းအရာပြောကြမလဲ သူတို့ညှိတာပေ့ါ။ ကျွန်တော်တို့ကတော့ သူတို့ကို သတ်မှတ်ထားတဲ့ခေါင်းစဉ်တွေဖယ်လိုက် စိတ်ထဲရှိတာပြော၊ ပွင့်ပွင့်လင်းလင်းပြော၊ ခေါင်း စဉ်တွေ၊ အကြောင်းအရာတွေနဲ့ ဘောင်ခတ်မထားနဲ့ပြောပါတယ်။ ကြိုက်တာပြောပါပဲ” ဟု ဆို၏။

ဂေထော၊ ထိုက်ထိုက်၊ ဟိန်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်