Advertisements

ချောင်းဆုံ ၊ မတ် ၉

ပြီးခဲ့သည့် ဖေဖော်ဝါရီ စတုတ္ထပတ်အတွင်းက ဘီလူးကျွန်းဒေသအပါအဝင် မွန်ပြည်နယ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဆိုသည့် သတင်းများ နယ်မြေအတွင်း၌ရော လူမှုကွန်ရက်စာမျက်နှာထက်တွင်ပါ ထွက်ပေါ်ပျံ့နှံံ့ခဲ့သော်လည်း ယင်းခရီးစဉ်မှာ အကောင်အထည်ပေါ်၊ အထမြောက်လာခြင်း မရှိခဲ့သည့်အပေါ် ချောင်းဆုံဒေသခံတို့ အနေဖြင့် မချင့်မရဲဖြစ်ရကြောင်း ၎င်းတို့ကိုယ်တိုင် ပြောဆိုခဲ့သည်။

“ဘီလူးကျွန်းမှာ စက်မှုဇုံလုပ်မယ်။ ရေနက်ဆိပ်ကမ်းဖြစ်မယ်။ ဇီးကုန်းဘက်မှာ စက်စဲကမ်းခြေလို အပန်းဖြေစခန်းတွေ လုပ်မယ်။ ကမ်းနားလမ်းတွေလည်း လုပ်ဖို့ရှိတယ်။ လူကြီးတွေ လာကြည့် ပြီးရင်ဖြစ်တော့မယ် ဘာ ညာနဲ့ ဟုတ်တာတွေရော မဟုတ်တာတွေရော ဖြစ်ချင်တာတွေကို ထင်ကြေးပေးပြီး ပြောနေကြတယ်”ဟု ကတောင်စိန်ကျေးရွာနေ ဦးကျော်ရွှေကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ဆွေးနွေးမည့် ငြိမ်းချမ်းရေးစကားဝိုင်းကို ဖေဖော်ဝါရီ ၂၅ ရက်နောက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟူသော မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် သယံဇာတနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း၏ ပြောကြားချက်မှာလည်း မတ်လ ဒုတိယပတ်တိုင် အထ မြောက်ခြင်း မရှိခဲ့ပေ။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ဖို့ ရှိတယ်ဆိုပြီး ရွာထဲမှာ ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်ထားပါတယ် ”ဟု ရွာလွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်က ဆိုသည်။

ရွာလွတ်ရှိ သက်တော်ရာပြည့်ဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း ဒေသအတွင်း သတင်းထွက်ပေါ်ပျံ့နှံ့ခဲ့သည့်အပြင် ကြိုဆိုရေးအထိမ်းအမှတ် ပိုစတာကိုလည်း ချောင်းဆုံမြို့မဝင်မီ ကညော်ကျေးရွာထိပ်၌ အသင့် စိုက်ထူထားခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် ဘီလူးကျွန်းဒေသသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာရောက်နိုင်ခဲ့ပြီး ဒေသအတွက် မြစ်ကူးတံတားတစ်စင်းနှင့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို စတင်ဖော်ဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် ယခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ပါက ဒေသအတွက်အကျိုးပြုအစီအစဉ်များ ပါဝင်လာနိုင်သည်ဟု မျှော်လင့်ချက်များရှိသည်ဟု ဒေသခံတို့ထံမှ ကြားသိရသည်။

“နိုင်ငံတော်အတိုင်ပင်ခံ လာဖြစ်တာ မလာဖြစ်တာတော့ အပြစ်ပြောလို့မရပါဘူး။ ဒါထက် အရေးကြီးတဲ့ ကိစ္စတွေ၊ ဦးစားပေးရမဲ့ အစီအစဉ်တွေ ရှိရင် ရှိနေမယ်။ ဒေသခံတွေအနေနဲ့ နားလည်မှုတော့ ပေးနိုင်ပါတယ်”ဟု ကညှော်ကျေးရွာခံ ဦးစံကျော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံအများစုက မျှော်လင့်နေကြပြီး အခွင့်အခါ ကြုံကြိုက်ပါက ဒေသသို့ လာရောက်စေလိုကြောင်း ဆန္ဒပြုပြောဆိုသံများလည်း ရှိနေသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လာရောက်မည်ဆိုသည့် အလားတူ သတင်းမှာ ဖေဖော်ဝါရီ အစောပိုင်းရက်များကလည်း ကရင်ပြည်နယ်၊ တိုင်းရင်းသားရိုးရာ စာပေယဉ်ကျေးမှုပွဲကာလမတိုင်မီ၌ ယင်းသို့ ထွက်ပေါ်ခဲ့ပြီး အဆိုပါကိစ္စလည်း အကောင်အထည်ပေါ်မှု မရှိခဲ့ပေ။

written by လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply