Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆွေးနွေးမည့် ငြိမ်းချမ်းရေး စကားဝိုင်းကို မော်လမြိုင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေး စကားဝိုင်းကို Peace Talk အမည်ပေးထားကာ ဒေသခံလူငယ်များနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဆွေးနွေးကြမည် ဖြစ်ပြီး တက်ရောက်ဆွေးနွေးမည့် လူငယ်များကိုမွန်တိုင်းရင်းသား ရှစ်ဦး၊ ကရင်တိုင်းရင်းသား လေးဦး၊ ပအိုဝ်းတိုင်းရင်းသား လေးဦး၊ ဗမာ လေးဦးစုစုပေါင်း ၂၀ ဦးတို့ကို အကြမ်းဖျင်း ရွေးချယ်ထားကြောင်း ဝန်ကြီးက ပြောဆိုသည်။

“ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ လူငယ်တွေ ပါဝင် ဆွေးနွေးခြင်းအားဖြင့် အလွှာပေါင်းစုံက လူငယ်အသံတွေ ထွက်ပေါ်လာမှာ ဖြစ်တယ်၊ နောက်ပြီး ဒီပွဲကနေ ပြုပြင်ပြောင်းလဲ စရာတွေ ရှိရင်လည်း ပြောင်းလဲလို့ရမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေး စကားဝိုင်းကို မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ လာမည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ပိုင်းတွင် ကျင်းပသွားရန်စီစဉ်ထားကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ဖြည့်စွက်ပြောသည်။

ယင်းစကားဝိုင်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်NCA တွင် မွန်ပြည်သစ်ပါတီက ပါဝင် လက်မှတ်ရေးထိုးပြီးနောက် အစိုးရအနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မွန်ပြည်နယ်ကို လာရောက်မည့် အဆိုပါခရီးစဉ်တွင် ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်ရှိ လက်မှုပညာရပ်များကိုလည်း သွားရောက် လေ့လာရန်လည်း စီစဉ်ထားသည်။

အလားတူ ငြိမ်းချမ်းရေးစကားဝိုင်းကို ယခင်နှစ် ဒီဇင်ဘာ ၂၉ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဒေသခံ တိုင်းရင်းသားလူငယ် ရှစ်ဦးနှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply