မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဓာတုဆိုးဆေးပါသည့် အစားအသောက်များ ရောင်းချနေခြင်းကို ထိရောက်စွာ တားဆီး နှိမ်နှင်းနိုင်ရန် နိုင်ငံတော်အဆင့် စီမံချက်ရေးဆွဲမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဓာတုဆိုးဆေးပါသည့် အစား အသောက်များ ရောင်းချနေခြင်းကို ထိရောက်စွာ တားဆီးနှိမ်နှင်းနိုင်ရေး နိုင်ငံတော်အဆင့် စီမံချက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အဆိုကို ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်က တင်သွင်းခဲ့သည်။

ယင်းအဆိုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထောက်ခံ သဘောတူညီကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

“အရေးယူမှုကိုတော့ ကျွန်တော်တို့ FDA က လုပ်လို့မရပါဘူး။ ဒါတွေကို ကိုင်တွယ်တဲ့နေရာမှာ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းကနေ လုပ်လို့မရပါဘူး။ အားလုံးပေါင်းလုပ်ရပါမယ်။ ဒီကိစ္စမှာ ကျွန်တော်တစ်ခု မြင်တာကတော့ နိုင်ငံတော်အဆင့် စီမံချက်ရေးဆွဲတာကို ကျွန်တော် လုံးဝ ထောက်ခံတယ်။ သဘောလည်းတူပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံတော်အဆင့် စီမံချက်ရေးဆွဲပြီးပါက ထိရောက်သည့် တားဆီးနှိမ်နှင်းခြင်းများကို တိုင်းနှင့် ပြည်နယ်အလိုက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်သည်ဟု ဒေါက်တာမြင့်ထွေးက ဆိုသည်။

သို့သော်လည်း ယခုလို တားဆီးနှိမ်နင်းရာတွင် အစားအသောက် ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းများကိုလည်း အသိပညာပေးမှုများ လုပ်ဆောင်ရမည်ဖြစ်ပြီး အမြတ်တစ်ခုတည်းကိုသာကြည့်၍ အစားအသောက်များကို ထုတ်လုပ်မရောင်းချသင့်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်မှ စနစ်တကျဆောင်ရွက်သင့်ပြီး မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA အနေဖြင့်လည်း ယခုကဏ္ဍတွင် အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်ခြင်းကြောင့် ထိရောက်မှန်ကန်စွာနှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးသင့်သည်ဟု ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိ်ုယ်စားလှယ် ဦးနေမျိုးထက်က ဆိုသည်။

“ဒါနဲ့ပတ်သက်ပြီး FDA ကိုပဲ ပုံချလို့တော့ မရဘူးပေါ့ဗျာ၊ FDA ကတော့ စစ်ပေးရတာပေါ့၊ ဒါပေမယ့် ဒီဝင်ပေါက် ထွက်ပေါက်တွေရဲ့ ဝင်ထွက်တာကျတော့လည်း ပြည်ထဲရေးကလည်း ဖမ်းပေးဖို့ Custom ဘက်ကလည်း ဒါကို မသွင်းသင့်တဲ့ အခွန်ထဲမှာဆို မသွင်းဖို့၊ FDA နဲ့ သုံးခုပေါင်းပြီးလုပ်ရမှာပေါ့”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကျောင်းမုန့်ဈေးတန်းများတွင်လည်း ဓါတုဆိုးဆေးပါသည့် အစားအစာများရောင်းချနေခြင်းကို တားဆီး နှိမ်နင်းနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆရာ၊ ဆရာမများကို အသိပညာပေးမှုများ လုပ်ဆောင်သွားရန် အစီအစဉ်များရှိကြောင်း အဆိုပါဝန်ကြီးဌာနများထံမှ သိရသည်။

Written by – အောင်ကျော်ထွန်း

Leave a Reply