ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ။ ။မျှင်ငပိများကို အရောင်အသွေး လှပရန်အတွက် ဓာတုဆိုးဆေးများ အသုံးပြုသည့် ငပိကြိတ်စက်များကို လိုင်စင် ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ဧရာဝတီတိုင်းဒေသကြီး၏ တိုင်းဦးစီမှူး ဒေါက်တာမြင့်ဖြိုးက ပြောကြားသည်။

ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခြင်းများကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး မျှင်ငပိသည် လက်ရှိတွင် ဓါတုဆိုးဆေး ပါဝင်မှုအများဆုံး စားသောက်ကုန်တွင် ပါဝင်နေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့က အခုဈေးကွက်ထဲမှာ ရောင်းနေတဲ့ မျှင်ငပိတွေကို လိုက်သိမ်းမယ်၊ ဆိုးဆေးတွေ့တာနဲ့ပြော ဒါဘယ်ကြိတ်စက်က ကြိတ်တာလဲ၊ ပြီးရင် ကြိတ်စက်ပိုင်ရှင်ကို ခင်ဗျားဒီအလုပ် မလုပ်နဲ့တော့ဆိုပြီး စက်ကို ပိတ်ပစ်မယ်”ဟု ၎င်းက ဆိုသည်။

မျှင်ငပိများတွင် ဆိုးဆေးပါဝင်ခြင်းများသည် ကုန်သည်များမှ ကြိတ်စက်များကို အရောင်လှရန် ပိုက်ဆံပေးပြီး ဆိုးဆေးများကို အသုံးပြုခိုင်းခြင်းဖြစ်ကြောင်းကို တွေ့ရှိရသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဆိုးဆေးပါတဲ့ မျှင်ငပိတွေရောင်းတာတွေ့ရင် ဘယ်ကြိတ်စက်ကလဲမေးမယ်၊ မပြောရင် ရောင်းတဲ့သူကို အရေးယူမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ အရေးယူမှုများ ပြုလုပ်နေသော်လည်း စားသုံးသူများကိုလည်း အစားအသောက်နှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာများပေးရန်လည်း လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် အစိုးရအနေဖြင့်လည်း အစားအသောက်ကဏ္ဍနှင့် ပတ်သက်၍ အမျိုးသားအစားအသောက် ကာကွယ်ရေးဥပဒေတစ်ခုရှိသင့်ပြီး ထုတ်လုပ်သူများကိုလည်း နည်းပညာအသိများပေးရန် လိုသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် နေထိုင်သည့် ဒေါ်သန်းသန်းမြင့်က “အခုလို ဆိုးဆေးတွေ ထည့်ရောင်းတယ်ဆိုတာတော့ မလုပ်သင့်ဘူး ပေါ့နော်။ အစ်မတို့လည်း အရင်က ဒါတွေမသိဘူး ငပိကို ပန်းရောင်လေးသန်းနေမှ ကောင်းတယ်ထင်ခဲ့တာပေါ့”ဟု ပြောကြားသည်။

ယခုလို အရေးယူမှုများကို ၂၀၁၆ ခုနှစ်မှ စတင်ပြီး နှစ်နှစ်စီမံကိန်းဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် အရှိန်မြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း FDA ထံမှ သိရသည်။

Leave a Reply