Advertisements

ထားဝယ် အောက်တိုဘာ

ထားဝယ်မြို့ဈေးကွက်နှင့် အခြေခံပညာကျောင်း၂ကျောင်းရှိ မုန့်ဈေးတန်းမှ ဓာတုဆေး လွန်ကဲ အစားအသောက် ၆မျိုးကို ဆက်လက်ရောင်းချမှု မရှိစေရေး ကွင်းဆင်း၍ သိမ်းဆည်းရန် မြို့နယ်၊ ခရိုင်အဆင့်သို့ အကြောင်းကြားထားကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တိုင်းရုံးထံမှ သိရသည်။

မြို့နယ်၊ ခရိုင်အလိုက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများထံ အောက်တိုဘာ ဒုတိယပတ်တွင် ယင်းသို့ အကြောင်းကြားထားခြင်းဖြစ်ပြီး သိမ်းဆည်းရရှိမှုအခြေအနေကို ယင်းကော်မတီများက အသိပေးလာခြင်း မရှိသေးကြောင်း တိုင်း FDA တာဝန်ခံ ဒေါက်တာဟိန်းမင်းထက်အောင်က အောက်တိုဘာ ၂၂ ရက်တွင် ပြောသည်။

“ဘာမှ မတက်လာသေးဘူး”ဟု ၎င်းက ဆိုသည်။

ဈေးကွက်အတွင်းရှိ Life Firm အမှတ်တံဆိပ် ငရုတ်ဆီ၊ London အမှတ်တံဆိပ် Strawberry Juice ၊ အပျိုစင် အမှတ်တံဆိပ် မက်မန်းသီးတို့တွင်လည်းကောင်း၊ ထားဝယ် အထက(၁)နှင့် (၃) ကျောင်းမုန့်ဈေးတန်းရှိ လတ်လတ်ယိုစုံ၊ အိမ်ရှင်မ မက်မန်း၊ ကျော်ကျော်ဇီးယိုတို့တွင်လည်းကောင်း Sodium Benzoate ခေါ် အစားအသောက်တာရှည်ခံ ဓာတုပစ္စည်း သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

နမူနာများကို ရန်ကုန်ရှိ FDA ရုံး ဓာတ်ခွဲခန်းသို့ ပြီးခဲ့သည့် သြဂုတ် ၁၃ရက်က ပေးပို့ခဲ့ကြောင်း၊ စက်တင်ဘာ၂၁ ရက်တွင် စစ်ဆေးတွေ့ရှိချက် အဖြေ ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယိုးဒယားစာတန်းပါ အနီရောင် မက်မန်းတွင်လည်း အလားတူတွေ့ရှိရကြောင်း ထပ်မံသိရသည်။

အစားအသောက်များတွင် SodiumBenzoate ဓာတုဆေးပမာဏ ၁၀၀၀ဂရမ်ထက် ကျော်လွန်၍ အသုံးပြုထားလျှင် FDAက လက်မခံနိုင်ကြောင်း၊ ယင်းသို့ အသုံးပြုထားပါက ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း ဒေါက်တာဟိန်းမင်းထက်အောင်က ဖြည့်စွက်ပြောသည်။

စားသုံးရန်မသင့်ဟု FDAက ကြေညာထားသော အစားအသောက်များကို ဆက်လက်ဖြန့်ဖြူးရောင်းချမည်ဆိုလျှင် ပစ္စည်းသိမ်းဆည်းခြင်း၊ ခံဝန်ထိုးခိုင်းခြင်း ပြုလုပ်ပြီး တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ရေးကော်မတီသို့ တင်ပြကာ ယင်းကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်လျက်ရှိသည်ဟု ဒေါက်တာဟိန်းမင်းထက်အောင်က ပြောသည်။

ပစ္စည်းထုတ်လုပ်ရာကို စုံစမ်းသိရှိလျှင် ထုတ်ကုန် ရပ်ဆိုင်းရန် တားမြစ်၍ လိုင်စင် ပြန်လည် လျှောက်ထားစေမည်ဖြစ်ကြောင်း သိရသည်။

 

တင့်လွင်

Leave a Reply